နေသူရိန်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ စာပေဗိမာန်သည် သုတပဒေသာ စာစောင် (သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်) ကို လစဉ်ထုတ်ဝေလျက်ရှိပါသည်။ အဆိုပါစာစောင်သည် ဆယ်ကျော်သက်လူငယ်များအား အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ အတွေးအခေါ်များ ရင့်သန်စေရေး၊ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရေးနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ ဒီမိုကရေစီဆိုင်ရာ စသည့်တိုးတက်ထွန်းကားလာမှုများကို ခေတ်နှင့်အညီ သိရှိနိုင်စေရေးအတွက် ရည်ရွယ်ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ စာစောင်တွင် လူငယ်ရေးရာကဏ္ဍကို အထူးကဏ္ဍတစ်ရပ်အနေဖြင့် အသားပေးဖော်ပြလျက်ရှိပါသည်။
သုတပဒေသာစာစောင် (သုတပဒေသာ နှင့် လူငယ်ရေးရာစာစောင်) ဖြစ်ပေါ်လာပုံ
စာပေဗိမာန်သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နိုင်ငံတကာစာနယ်ဇင်းများတွင် ဖော်ပြပါရှိသည့် ဆောင်းပါးများထဲမှ ကောင်းနိုးရာရာများကို ကောက်နုတ်စုစည်း၍ အင်္ဂလိပ်ဘာသာဖြင့်ပင် The Open Mind (OM) အမည်ရှိ စာစောင်ကို ယခင်က ထုတ်ဝေခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ထိုစာစောင်ကို “ရောင်စဉ်” စာစောင် (Spectrum) ဟု အမည်ပြောင်း၍ ထုတ်ဝေခဲ့သည်။ ရောင်စဉ်စာစောင်တွင် ပါရှိသော အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများကို အင်္ဂလိပ်စာ မကျွမ်းကျင်သူများပါ ဖတ်ရှုနိုင်အောင် မြန်မာဘာသာသို့ ပြန်ဆို၍ ထုတ်ဝေသင့်ကြောင်း တာဝန်ရှိသူများက အကြံပြုလာကြသဖြင့် လူအများမြန်မာစာဖြင့် ဖတ်ရှုနိုင်ရန်အတွက် သုတပဒေသာစာစောင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ရောင်စဉ်စာစောင်မှ ဆောင်းပါးအများစုနှင့် အခြားအင်္ဂလိပ် ဘာသာစာနယ်ဇင်းများမှ ကောင်းနိုး ရာရာများကို စုပေါင်းရွေးချယ်ကာ မြန်မာဘာသာဖြင့် ဆီလျော်အောင် ဘာသာပြန်ဆို၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
သုတပဒေသာစာစောင်၊ အတွဲ (၁)၊ အမှတ် (၁) ကို ၁၉၇၃ ခုနှစ် ဇူလိုင်လတွင် စတင်ထုတ်ဝေခဲ့သည်။ စတင်ပုံနှိပ်စဉ်က စောင်ရေ ၅၀၀၀ ဖြစ်ပြီး တန်ဖိုး သုံးကျပ်ဖြင့် ဖြန့်ချိရောင်းချခဲ့သည်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင် အတွဲ (၁)၊ အမှတ် (၂) ကိုထုတ်ဝေခဲ့သလို ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာလများတွင်လည်း ထုတ်ဝေခဲ့ရာ လေးလလျှင်တစ်ကြိမ် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၉၈ ခုနှစ် အထိ သုံးလလျှင်တစ်ကြိမ် ထုတ်ဝေခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် နှစ်လလျှင်တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဇွန်လမှစ၍ ယနေ့အထိ တစ်လလျှင်တစ်ကြိမ် ထုတ်ဝေလျက်ရှိပါသည်။
သုတပဒေသာစာစောင်သည် နှစ် ပေါင်း (၅၀) ကြာမြင့်ခဲ့ပြီဖြစ်သလို တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနအကြီး အကဲများ၊ ပညာရှင်ကြီးများ၊ စာတည်း မှူးချုပ်များသည်လည်း ပြောင်းလဲခဲ့ပြီဖြစ်ရာ သုတပဒေသာစာစောင်တွင်လည်း ပြောင်းလဲမှုများရှိခဲ့သည်။ သုတပဒေသာစာစောင်သည် လစဉ်ထုတ် မဂ္ဂဇင်းစာစောင် ဖြစ်သည့်အတွက် မဂ္ဂဇင်းစာစောင်တစ်ရပ်တွင် ပါဝင်သင့် သောကဏ္ဍသစ်အချို့ကို ပြောင်းလဲဖွင့်လှစ်ပြုစုခဲ့ကြသည်။ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ပြည်သူများ သိသင့်သိထိုက်၊ ခံယူထိုက်သော အကြောင်းအရာများ ပါဝင်အောင် ထည့်သွင်းဖော်ပြခဲ့သည်။ စာပေဗိမာန်၏ မူလဘူတရည်မှန်းချက်ဖြစ်သော ဘာသာပြန်စာပေ ထွန်းကားရေးကို ဦးတည်ခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်က ဖော်ဆောင်နေသည့် မူဝါဒများ၊ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို ယနေ့လူငယ်များ သိသင့်သိထိုက် သောကြောင့် (အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း) လူငယ်များကို ဦးတည် ပရိသတ် (Target Audience) အဖြစ် ထားပြီး ထုတ်ဝေရန် အကြီးအကဲများက လမ်းညွှန်ခဲ့သည်။ ထိုလမ်းညွှန်ချက် အတိုင်း ဌာနစုံ၊ နယ်ပယ်စုံ၊ ကဏ္ဍစုံက စာရေးဆရာများထံမှ စာမူတောင်းခံပြီး မူလကထုတ်ဝေခဲ့သော ဘာသာပြန်စာမူများအပြင် စာပေပညာရှင်များ၏ ကိုယ်တိုင်ရေး မြန်မာစာမူများကိုပါ ထည့်သွင်းဖော်ပြထုတ်ဝေခဲ့သည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆယ်ကျော် သက်လူငယ်လူရွယ်များ အသိပညာကျယ်ပြန့်စေရေး၊ အတွေးအခေါ်များ ရင့်သန်စေရေး၊ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရေးတို့အတွက် လူငယ်ကဏ္ဍကို ပို၍အလေးထားဖော်ပြနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသည့် သုတပဒေသာ စာစောင်ကို သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲခဲ့သည်။ စာစောင်ကို အမည်ပြောင်းလဲ လိုက်သလို အတွင်းပိုင်းအပြင်အဆင်များကိုလည်း ပြောင်းလဲပြီး ဆယ်ကျော်သက် လူငယ်များကို အဓိကဦးတည်သည့် ကဏ္ဍမျိုးစုံ ထည့်သွင်းကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွဲ (၄၈)၊ အမှတ် (၁၂) ကို စတင်ထုတ်ဝေခဲ့ရာမှ သုတပဒေသာ နှင့် လူငယ်ရေးရာစာစောင်ဟူ၍ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။
ဈေးနှုန်းနှင့် စောင်ရေပြောင်းလဲလာပုံ အဆင့်ဆင့်
သုတပဒေသာစာစောင် တစ်အုပ်ကို ၁၉၇၃ ခုနှစ်တွင် စောင်ရေ ၅၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းဈေးနှုန်းမှာ သုံးကျပ်ဖြစ်သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း စောင်ရေ ၁၀၀၀၀၊ ၁၅၀၀၀၊ ၁၈၀၀၀၊ ၂၀၀၀၀ မှ ၄၁၀၀၀ အထိ တိုးမြှင့်ထုတ်ဝေခဲ့ပြီး စာအုပ်တန်ဖိုးမှာ လေးကျပ်၊ ခြောက်ကျပ်၊ ၁၀ ကျပ်၊ ၁၈ ကျပ်၊ ၂၅ ကျပ် စသည်ဖြင့် အဆင့်ဆင့် တိုးမြှင့်ရောင်းချခဲ့သည်။ ထိုစဉ်က စာနယ်ဇင်းလောကတွင် အခြားသော စာအုပ်စာစောင်များ ထုတ်ဝေမှုအရေအတွက် နည်းပါးသေးသဖြင့် သုတ ပဒေသာစာစောင်သည် ရောင်းအားကောင်းခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း စာအုပ်တန်ဖိုးမှာ ၁၂၅ ကျပ်၊ ၁၄၀ ကျပ်၊ ၂၅၀ ကျပ်၊ ၄၀၀ ကျပ်၊ ၂၀၁၂ ခုနှစ်တွင် ၈၀၀ ကျပ်၊ ၁၂၀၀ ကျပ်၊ ၁၆၀၀ ကျပ်စသည်ဖြင့် အဆင့်ဆင့် တိုးမြှင့်ရောင်းချခဲ့သည်။ သို့ရာတွင် ပြင်ပပုဂ္ဂလိကဂျာနယ်၊ မဂ္ဂဇင်းများအရေ အတွက် များပြားလာသဖြင့် သုတပဒေသာစာစောင် ရောင်းအားကျဆင်းလာ၍ စောင်ရေလျှော့ချထုတ်ဝေခဲ့ရသည်။ ၂၀၁၃ ခုနှစ် ဇွန်လထုတ်မှစ၍ စောင်ရေ ၇၅၀ သာ ရိုက်နှိပ်ဖြန့်ချိခဲ့ပြီး စာအုပ်ဈေးနှုန်းမှာ တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည် ပြောင်းလဲပြီး လူငယ်ရေးရာကဏ္ဍကို အထူးပြုထည့်သွင်းဖော်ပြခဲ့ရာ ကျန်းမာရေး၊ ပညာရေး စသည့်ဌာနကြီးများက အားပေးဝယ်ယူလာသည့်အတွက် ၂၀၂၂ ခုနှစ်မှစ၍ စောင်ရေ ၁၅၀၀ အထိ တိုးမြှင့်ထုတ်ဝေနိုင်ခဲ့ပါသည်။
အထူးထုတ်စာအုပ် ထုတ်ဝေခြင်း
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ပုံမှန် ထုတ်ဝေနေကျ သုတပဒေသာစာစောင်အပြင် စာပေဗိမာန်၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် သုတပဒေသာ စာစောင်တွင် ယခင်ဖော်ပြခဲ့သည့် ဆောင်းပါးများထဲမှ အကောင်းဆုံး ဆောင်းပါးအပုဒ် ၃၀ ကို ရွေးချယ်ကာ “သုတပဒေသာစာစောင် ဆောင်းပါးပေါင်းချုပ် အထူးထုတ်” စာအုပ်ကို ထပ်မံထုတ်ဝေခဲ့သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လထုတ် သုတပဒေသာစာစောင်၊ အတွဲ (၄၉)၊ အမှတ် (၈) စာအုပ်ကို စာပေဗိမာန်၏ (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် ပုံမှန်ထုတ်ဝေနေကျ စာမျက်နှာအရေအတွက်ထက် စာမျက်နှာတိုးမြှင့်ပြီး အထူးထုတ်အဖြစ် ထုတ်ဝေခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလထုတ် စာစောင်ကိုလည်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့၏ (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အဖြစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုင်ရာ ဆောင်းပါးများနှင့် ဓာတ်ပုံများကို ဝေဝေဆာဆာထည့်သွင်းကာ အထူးထုတ်သဖွယ်ထုတ်ဝေခဲ့သည်။
စာအုပ်မျက်နှာဖုံး အသွင်အပြင် ပြောင်းလဲခြင်း
၁၉၇၃ ခုနှစ်မှစ၍ ထုတ်ဝေခဲ့သော သုတပဒေသာစာစောင်၏ မျက်နှာဖုံး သရုပ်ဖော်ပုံများသည် စာစောင်ပါ ဆောင်းပါးများထဲမှ ထူးခြားကောင်းမွန်သော၊ မြန်မာလူမျိုးတို့ အထိအတွေ့ နည်းပါးသည်ဟုယူဆသော သိကောင်း စရာအကြောင်းအရာ သရုပ်ဖော်ပုံများကို အသုံးပြုခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် တွင် ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားမှုအရ စာပေဗိမာန်ထုတ်၊ သုတပဒေသာ စာစောင်သည် အခြားစာအုပ်များနှင့် မတူကွဲပြားပြီး ခံ့ခံ့ထည်ထည် သပ်သပ် ရပ်ရပ်ဖြစ်စေရန် မျက်နှာဖုံးဒီဇိုင်းကို ဆရာပန်းချီမြင့်မောင်ကျော်ထံ အပ်နှံခဲ့သည်။ ၂၀၁၄ ခုနှစ် မေလမှစ၍ သုတပဒေသာစာစောင်၏ မျက်နှာဖုံးကို ဆရာ ပန်းချီမြင့်မောင်ကျော်၏ ဆီမီးပဒေသာ မျက်နှာဖုံးဒီဇိုင်းဖြင့် ထုတ်ဝေခဲ့သည်။ ဆီမီးတောက် ထွန်းလင်းဖြာနေသည့်ပုံကို နောက်ခံအရောင် လစဉ်ပြောင်းလဲ ထုတ်ဝေခဲ့သည်။
ထိုမျက်နှာဖုံးသည် အဓိပ္ပာယ် လေးနက်သော်လည်း ဆွဲဆောင်မှု အားနည်းသည်ဟု ယူဆကာ (First Cover၊ Second Content) သဘောတရားအရ ဆွဲဆောင်မှုရှိစေရန် ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ အဖုံးဒီဇိုင်းကို စာစောင်တွင်ဖော်ပြသည့် မျက်နှာဖုံး ဆောင်းပါးသရုပ်ဖော်ပုံများဖြင့် ပြောင်းလဲထုတ်ဝေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲခဲ့ရာ စာအုပ်မျက်နှာဖုံး စာလုံးဒီဇိုင်းကို ဆရာဦးရွှေဌေးထံ အပ်နှံကာ အသုံးပြုခဲ့ပါသည်။
သဘာဝ ဘေးအန္တရာယ်နှင့် Covid-19 ရောဂါများကြောင့် ပြင်ပမဂ္ဂဇင်းများ လခြားထုတ်ဝေနေချိန်၊ ရပ်တန့်သွားချိန်တို့တွင်လည်း သုတပဒေသာစာစောင်သည် လစဉ်ပုံမှန် ထွက်ရှိခဲ့ပါသည်။ တစ်လနှင့်တစ်လ အကြောင်းအရာမထပ်အောင် ရွေးချယ် ပြီး စာဖတ်ပရိသတ် စိတ်ဝင်စားသည့် စာမူများကို ရွေးချယ်ဖော်ပြလျက်ရှိသည်။ မြန်မာစာဖတ်ပရိသတ်အတွက် စာဖတ်သူလိုအင်ကို အများဆုံး ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်နေသည့် စာစောင်လည်းဖြစ်ပါသည်။
ဆယ်ကျော်သက် လူငယ်များအတွက် စိတ်ခွန်အားဖြစ်စေရန်၊ ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်လုပ်ဆောင်နိုင်စေရန်၊ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့ရတိုင်း နောက်မတွန့်ဘဲ ရဲရင့်စွာကြိုးစား လုပ်ဆောင်တတ်စေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချိန်ကို တန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းတတ်စေရန် စသည်ဖြင့် အသိပညာများ တိုးပွားအောင် ရည်ရွယ် ထုတ်ဝေလျက်ရှိသည့် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် နှစ် (၅၀) ရွှေရတုကာလ ပြည့်မြောက်လာပြီဖြစ်ပါသည်။ ရွှေရတု ကာလမှသည် ရတုအဆက်ဆက် တိုင်အောင် ဆက်လက်တည်တံ့ခိုင်မြဲ နိုင်ရန်အတွက် စာပေဗိမာန်က ကြိုးစားအားထုတ် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ။
ကိုးကား
(၁) စာပေဗိမာန် နှစ် (၇၀) ပြည့် အထိမ်းအမှတ်စာစောင်
(၂) စာပေဗိမာန် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်း