နေပြည်တော် ဇူလိုင် ၁၀

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

 အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဋ္ဌေးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဝန်ကြီးဌာနနှင့်ကော်မရှင်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အတွက် ဝန်ကြီးဌာန CPU (Corruption Prevention Unit) ၁ ခု၊ ဦးစီးဌာန CPU ၃ ခုနှင့် DEO (Data Entry Office) ၃၃ ခု တို့ကို ဖွင့်လှစ်ထားပြီး အသုံးပြုနည်းသင်တန်းများကိုလည်း ယခုသင်တန်း အပါအဝင် စုစုပေါင်း(၆)ကြိမ် ဖွင့်လှစ်ခဲ့ ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင် ဝန်ဆောင်မှုယူကြရသော ပြည်သူတစ်ဦးချင်းထံသို့ Public Feedback Programme– PFP နည်းပညာအသုံးပြုပြီး တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်၍ အသေးစား အဂတိလိုက်စားမှုမဖြစ်စေရန် တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး ဆွေးနွေးပို့ချသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ယခု PFP Web Portal အသုံးပြုနည်း သင်တန်းကိုလည်း ဦးစီးဌာန(၃)ခုရှိ ဝန်ထမ်း(၆၁)ဦးကို ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အထိ In-Person ဖြင့် လက်တွေ့ အသုံးချနိုင်သည်အထိ စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် ကော်မရှင်ရုံးမှ တာဝန်ရှိသူများပို့ချသည့် သင်ခန်းစာများကို လက်တွေ့ အသုံးချနိုင် သည် အထိ လေ့လာမှတ်သားစေလိုကြောင်း၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင် လည်း နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက ကော်မရှင်အနေဖြင့် ကူညီပံ့ပိုး ဖြေရှင်းပေးသွား မည်ဖြစ် ကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန တားဆီးကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက PFP Web Portal အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်းသင်တန်းကို ဘာသာရပ် ဆိုင်ရာပုဂ္ဂိုလ်များက ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အထိ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်ရုံးချုပ်မှ (၃၆)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ(၂၅)ဦး စုစုပေါင်း သင်တန်းသား (၆၁) ဦးတက်ရောက်ကြကြောင်း  သိရသည်။        (သတင်းစဉ်)