နေပြည်တော်   ဇူလိုင်  ၁၀

 

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သွေးရောဂါဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း သွေးရောဂါ လူနာလေးဦး သွေးခြင်ဆီ ပင်မကလာပ်စည်းအစားထိုး ကုသမှု (Hematopoietic Stem Cell Transplant-HSCT)ကို ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး (သွေးရောဂါပညာ)၊ ပါမောက္ခ ဒေါက်တာအေးအေးကြီး ဦးဆောင်သော အဖွဲ့က အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

 

အဆိုပါ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများ၌ အပြင်းစားသွေးကင်ဆာ (Acute Myeloid Leukemia)လူနာတစ်ဦးကို ဖခင်ထံမှလှူဒါန်းသည့် ပင်မကလာပ်စည်း (Stem cell)ကို အသုံး ပြု၍ သွေးခြင်ဆီ အစားထိုးကုသခြင်း(Haploidentical Allogeneic Transplant)ဖြင့်လည်းကောင်း၊ ပြန်ရည်ကြိတ်ကင်ဆာ (Lymphoma)လူနာသုံးဦးကို လူနာ၏ကိုယ်ပိုင် သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှု (Autologous HSCT)ဖြင့်လည်းကောင်း ကုသနိုင်ခဲ့ခြင်းဖြစ်ပြီး ကုသမှုခံယူသည့် လူနာများအားလုံး ကျန်းမာလျက်ရှိသည်။

 

ယခင်က သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများကို မျိုးဗီဇခြင်းတူညီသည့် အမွှာပူး အဖြစ် မွေးဖွားလာသူအချင်းချင်း အကြား၌သာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယခုအခါ တိုးတက်လာ သည့် ဆေးပညာရပ်များအရ မျိုးဗီဇတစ်ဝက်တူညီမှုရှိသူ(ဥပမာ- မိခင်/ဖခင်၊ သား/သမီး၊ ညီအကို/ မောင်နှမ) များအကြားလှူဒါန်းသည့် ပင်မကလာပ်စည်း (Stem cell)ကို အသုံးပြု၍ သွေးခြင်ဆီ အစားထိုးကုသခြင်း (Haploidentical Allogeneic Transplant)ကို ဆောင်ရွက်လာနိုင်ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ပထမဦးဆုံး သွေးခြင်ဆီ ပင်မကလာပ် စည်း အစားထိုးကုသမှု (Hematopoietic Stem Cell Transplant-HSCT)ကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ သွေးကင်ဆာလူနာများတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လူနာ၏ ကိုယ်ပိုင် ပင်မ ကလာပ်စည်း (Stem cell)ကို အသုံးပြုသော Autologous HSCT ဖြင့် သွေးရောဂါဆိုင်ရာ ကင်ဆာ တစ်မျိုးဖြစ်သည့်(Myeloma)နှင့် ပြန်ရည်ကြိတ်ကင်ဆာ (Lymphoma) လူနာ(၁၈)ဦးနှင့် အလှုရှင်ထံမှ ရ သော ပင်မကလာပ်စည်း(Allogeneic HSCT)ဖြင့် အပြင်းစား သွေးကင်ဆာ (Acute Myeloid Leukemia) လူနာသုံးဦး  စုစုပေါင်း (၂၁)ဦးကို ကုသပေးနိုင်ခဲ့သည်။ ထို့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း ၂၀၁၆ ခုနှစ်မှ စတင်၍ သွေးခြင်ဆီပင်မ ကလာပ်စည်း အစားထိုးကုသမှု (HSCT) ဖြင့် သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်သည့် (Myeloma) လူနာ(၁၃)ဦးကို ကုသနိုင်ခဲ့သည်။  

 

ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသားဆရာဝန်ကြီးများက ဦးဆောင်၍ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လူနာနှင့်လူနာ၏ မိသားစုဝင်များအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ကုသရသည့် ဆေးကုသမှုကုန်ကျစရိတ် အများအပြားကို လျှော့ချနိုင်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါကုသမှုများကို ဆက်လက်ဆောင်ရွက် လျက်ရှိကာ   အပြည့်အဝ ကူညီပံ့ပိုးမှုများ ပေးအပ်နေကြောင်း သိရသည်။

(သတင်းစဉ်)