မိုးညှင်း ဇူလိုင် ၁၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်တွင် ယခုနှစ်မိုးတွင်းကာလ၌ ဒေသပြောင်းရွှေ့ ရှားပါးငှက်မျိုးစိတ်တစ်မျိုးဖြစ်သည့် ငှက်ကြီးဝန်ပိုငှက်မျိုးစိတ် ကောင်ရေ (၁၀၀)ကျော်ခန့် ကျင်လည်ကျက်စားလျက်ရှိကြောင်း အင်းတောကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းတော်ကြီးအိုင်အတွင်း ငှက်ကြီးဝန်ပိုငှက်များကို ဧပြီလမှ အောက်တိုဘာလအထိ တွေ့မြင်နိုင်သောကြောင့် မိုးရာသီ၌ လာရောက်ကျက်စားလျက်ရှိသော ဒေသပြောင်းရွှေ့ ရှားပါး ငှက်မျိုးစိတ်တစ်မျိုးဖြစ်၍ ရေကန်၊ သန္တာကျောက်တန်း၊ မြစ်ကြီးများ၊ မြစ်ဝ၊ ရွှံ့နွံလတာပြင်နှင့် မြေနိမ့်ပိုင်းတို့တွင်ရှိသော ရေအိုင်များတွင် ကျင်လည်ကျက်စားတတ်ကြလေ့ရှိသည်။
ငှက်ကြီးဝန်ပိုငှက်များသည် မြေပြင်မှ မြင့်မားသော သစ်ပင်ကြီးများပေါ်တွင် အသိုက်ဆောက်လုပ်တတ်ကြကာ သစ်ပင်ကြီးများမရှိပါက ကိုင်းတောမြေပြင်ပေါ်၌ ဆောက်လုပ်တတ်ကြပြီး တစ်ကြိမ်လျှင် ဥကို သုံးလုံးမှ လေးလုံးထိ ဥဥ သားဖောက်ကြလျက်ရှိသည်။
အဆိုပါငှက်၏ ခန္ဓာကိုယ်အရွယ်အစားမှာ (၅၀)စင်တီမီတာခန့်ရှိ၍ အထက်နှုတ်သီးတွင် အစက်ကလေးများပါရှိပြီး နှုတ်သီးသည် ပန်းရောင်ဖျော့ဖျော့နှင့် အရွယ်အစားမှာ ကြီးမားရှည်လျားလျက်ရှိကာ ငှက်၏မျက်ကွင်းတွင် ပန်းရောင်ရှိသည်။
ငှက်ကြီးဝန်ပိုငှက်များကို နိုင်ငံတကာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN-Red List) အရ မျိုးသုဉ်းရန်ချိန်းခြောက်မှုအဆင့်သို့ နီးကပ်နေသော မျိုးစိတ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြဌာန်းထားသော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် ငှက်မျိုးစိတ်တစ်မျိုးဖြစ်သည်။
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ရေပျော်ငှက်မျိုးစိတ် (၁၀၅)မျိုးနှင့် သစ်တောငှက်မျိုးစိတ် (၄၀၀)ကျော် ကျက်စားလျက်ရှိရာ ၎င်းတို့ထဲမှ ငှက်ကြီးဝန်ပိုငှက်မျိုးစိတ်သည် တစ်မျိုးအပါအဝင်ဖြစ်ကြောင်း၊ ယင်းငှက်မျိုးစိတ်သည် ရေဝေရေလဲတောများ ခုတ်လှဲခံရခြင်း၊ ရေတိမ်ဒေသများ ယိုယွင်းပျက်စီးခြင်းတို့ကြောင့် အစားအစာရှားဖွေရန် ခက်ခဲခြင်း၊ လူတို့၏ အမဲလိုက် သတ်ဖြတ်မှုများကြောင့် ငှက်ကြီးဝန်ပို ငှက်အကောင်ရေများ လျော့နည်းကျဆင်း လာရခြင်းဖြစ်သည်။
ထိုကြောင့် သဘာဝတွင်အရေးပါသည့် ငှက်မျိုးစိတ်ဖြစ်သော ငှက်ကြီးဝန်ပိုငှက်များ နေထိုင်ကျက်စားလေ့ရှိသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်၊ ၎င်းတို့၏ အစားအစာများဖြစ်သည့် သတ္တဝါများ၊ အပင်များနှင့် ရေဝပ်ဒေသများ ထိခိုက်ပျက်စီးခြင်းမရှိစေရန်အတွက် တာဝန်ရှိသူများက အလေးထား ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)