ဇူလိုင် ၁၁
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခို့တ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ ပြည်နယ်ညွှန်ကြားရေးမှူးက ယမန်နေ့က ပြောကြားသည်။
ထိုပြည်နယ်၏နေရာအများအပြားတွင် ဇူလိုင်လ ၉ ရက်က မိုးသက်မုန်တိုင်းများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ဂါဘက်ဇ်ခရိုင်တွင် ကလေးတစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုတာဝန်ရှိသူက ထပ်လောင်းပြောသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် ခို့တ်ပြည်နယ်၏အခြားနေရာများနှင့် ပြည်နယ်မြို့တော်ခို့တ်မြို့တို့တွင် နေအိမ် ၂၅ လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သောသုံးလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် လူ ၁၅၀ ကျော်သေဆုံးခဲ့ပြီး အခြား ၂၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို