နေပြည်တော် ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ် သို့သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော စာသင်ဆောင်များ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ထို့နောက် စာသင်ခန်းများအတွင်း အေးချမ်းစွာပညာသင်ကြားနေသည့် ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာရေးအပေါ်တွင် အဓိကရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန် ကြီးချုပ်ကလည်း နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြားထားသဖြင့် မိမိတို့၏ ပညာရေးအရည်အသွေးမြင့်မားအောင် အလေးထား၍ အမြဲတမ်းကြိုးစားသင်ယူကြစေ လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့်စာသင် ဆောင်များကို ကောင်းမွန်အောင် အလျင်အမြန်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိမိတို့တက္ကသိုလ် စာသင်ဆောင်၊ ကျောင်းဆောင်များ အရှည်တည်တံ့ ခိုင်ခန့်ရေး၊ သန့်ရှင်းသပ်ရပ်သာယာရေးအတွက် ဆရာဆရာမများနှင့်အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဘဝ၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေမည်မှာ ပညာရေးသာဖြစ်၍ ပညာတတ်အောင် ကြိုးစားရ မည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့်လည်း မိမိတို့တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို ပညာတတ်အောင် သင်ကြားရုံမျှသာမက မျိုးချစ်စိတ်၊ နိုင်ငံချစ် စိတ်ပြည့်ဝ၍ အကျင့်စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ သင်ခန်းစာများ သင်ကြားနေမှု နှင့်ပတ်သက်၍ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံစုအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတို့သို့သွားရောက်၍ အေးချမ်းစွာပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားစီမံဆောင်ရွက်နေသည့် ဆရာဆရာမများကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကျည်းမြိုင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သို့သွားရောက်၍ ဆရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်