နေပြည်တော် ဇူလိုင် ၁၁

မြန်မာ့ကော်ဖီပို့ကုန် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် က မြန်မာ့ ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် ကော်ဖီအဓိက တင်ပို့ရောင်းချသော နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများချမှတ်ခြင်းအပါအဝင် ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ရန် ကော်ဖီဗဟိုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဗဟိုအဖွဲ့၏ လုပ်ငန်း တာဝန်များကို အထောက်အကူပြုနိုင်ရန်အတွက် ကြီးကြပ်မှုကော်မတီ (၃) ခု ဖွဲ့စည်းထားမှု၊ နိုင်ငံအတွင်း ကော်ဖီကိုတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုး ကွင်းဆက် လုပ်ငန်းများ ဖွံ့ဖြိုးမှုရှိစေရေးအတွက်  မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Myanmar Coffee Export Promotion Task Force)” ကို  ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာ့ကော်ဖီပို့ကုန် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်း၊ အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်ဖီစိုက်ပျိုးထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုးလာမှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံဖြိုးတိုးတက်စေရေးအတွက် ချေးငွေထုတ်ပေးနိုင်မှု၊ ကော်ဖီစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိနိုင်ရေးအပါအဝင် အရည်အသွေး မြှင့်ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်မှုအခြေအနေ၊ ကော်ဖီသီးနှံများမှ ကော်ဖီကုန်ချောထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စွာ တင်သွင်းခွင့်ရရှိနိုင်ရေးနှင့် မြေယာသုံးစွဲမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

သတင်းစဉ်