နေပြည်တော် ဇူလိုင် ၁၁

ယနေ့ နံနက်ပိုင်းတွင်“လူငယ်နှင့် အဂတိ” စကားဝိုင်းကို ပျဉ်းမနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆို သည့်အတိုင်း လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာရန် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူ မဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့်ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက် လျက်ရှိနေကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့်ခေါင်းဆောင်မှု အချက်(၅)ချက်တွင် လေးစားမှု၊ ကူညီစောင်မမှု၊ တရားမျှတမှု၊ ရိုးသားမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ရှိမှုတို့ ပါဝင်ပါကြောင်း၊ ယခုလူငယ်စကားဝိုင်းမှ ဆွေးနွေးပေးလိုက်သည့်အတွေးအခေါ် အယူအဆများကို မိမိတို့ကျောင်း၊ ရပ်ရွာ၊ မြို့နယ်များတွင် ထပ်ဆင့်မျှဝေပေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် “လူငယ်နှင့်အဂတိ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ နှင့်အတူ ကျောင်းသား/ ကျောင်းသူ (၃) ဦးတို့က အဂတိလိုက်စားမှု  အကြောင်းအရာများ၊ အဂတိလိုက်စားမှုသည် လူငယ်များ၏ အနာဂတ်အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသည်၊ အဂတိလိုက်စားမှု တိုက်ဖျက် ရာတွင်လူငယ်များအနေဖြင့်မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်သည် စသည့်ကဏ္ဍများကို ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးမြင့်လာစေရန်၊ အဂတိလိုက်စားမှုကို လက်သင့်မခံသည့် လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ရန်နှင့် ကျောင်းသား လူငယ်များ၏ အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၂  - ၂၀၂၅ မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းကဏ္ဍ (၁) ၊ လုပ်ငန်းစဉ် (၂) ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး၊ အသိပ ညာ ပေးရေးအစီအ စဉ်များ တစ်နိုင်ငံလုံး ပျံ့နှံ့စေရန်အတွက် “လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်းများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်