နေပြည်တော် ဇူလိုင် ၁၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံ (၁၂)နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူး (၁၆) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံမှူးတို့ကို ယနေ့မွန်းလွဲပိုင်း တွင် Virtual စနစ်ဖြင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးသံမှူးများအနေဖြင့် မြန်မာ့ပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး အတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရဌာန အဖွဲ့အစည်းများ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ထိတွေ့မှု ပိုမိုရယူကာ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ သက်ဆိုင်ရာနိုင်ငံများ၏ ကုန်စည်ပြပွဲများတွင် မြန်မာ့ပို့ကုန်များ ပါဝင်ပြသနိုင်ရေးနှင့် ချိတ်ဆက်မှု ပိုမိုရရှိစေရေး၊ မိမိနိုင်ငံအတွက် အကျိုးရှိစေမည့် စီးပွားရေး ဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာရယူ အသုံးချနိုင်ရေး၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ အကူအညီတောင်းခံမှုများကို Virtual စနစ်ဖြင့် တွေ့ဆုံညှိနှိုင်းကာ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ပေးရေး၊ သက်ဆိုင်ရာ နိုင်ငံများသို့ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာဖြန့်ဝေပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် စီးပွားရေး သံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် စီးပွားရေးသံမှူးများက နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)