နေပြည်တော် ဇူလိုင် ၁၂

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNOPROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်း ပြသထားသည့် ထုတ်ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဒဲနစ် မန်ဒူးရော့ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အထူးသဖြင့် သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာ ပူးပေါင်းထုတ်လုပ်ရေး၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်း ကိရိယာ များထုတ်လုပ်ရေး၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းများ ရှာ‌ဖွေ နေမှုနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Alexey V. Gruzdevအာရှ၊ အာဖရိက၊ လက်တင်အမေရိကဌာန၊ ညွှန်ကြားရေးမှူး Nosov Sergey Sergeevich ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းနှင့် အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြား ရေးမှူးPiven Valery Vyacheslavovich ၊ ဒုတိယဝန်ကြီးချုပ်၏ လက်ထောက် Alexey A. Mednikov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံစီးပွားရေးသံမှူး Kazadaev Vladimir Sergeevich နှင့် မြန်မာကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)