၁၈ ဖေဖော်ဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီဒုတိယအသွင်ကူးပြောင်းမှု သုံးနှစ်တာကာလ ပြည့်တော့မည်ဖြစ်သည်။ သုံးနှစ်တာကာလအတွင်း အစိုးရနှင့်ပြည်သူများ စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာကြောင်း မြင်တွေ့ရမည်ဖြစ်သည်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အဓိကတွန်းအားသည် ပြည်သူလူထုပင်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာသေးမီက သွားရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း “အရေးကြီးတာကတော့ ပြည်သူတွေရဲ့ဘဝစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ပါပဲ။ ဒါဟာလည်း အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်ကစပြီး တာဝန်ယူကတည်းက ရည်ရွယ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ စီးပွားရေးကောင်းရုံတင် မကပါဘူး။ ပညာရေး၊ ကျန်းမာရေးဘက်မှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာပြီး ပညာတတ်တဲ့ ပြည်သူလူထုတွေ ဖြစ်ပြီဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်တဲ့ အင်အားတွေ အင်မတန်မှ တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအင်အားမှာ ပြည်သူလူထုဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပသည့် ကာလက ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံဖြင့်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ ဤသည်မှာ ပြည်သူလူထုက နိုင်ငံတော်ကို အမှန်တကယ်ပင် ပြောင်းလဲလိုသောဆန္ဒ ထက်သန်ပြင်းပြနေသောကြောင့် အပြောင်းအလဲကို ဖော်ဆောင်မည့်အစိုးရအား ပြည်သူလူထု၏ ဝိုင်းဝန်းထောက်ခံမှုဖြင့် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူ့အစိုးရသည် ပြည်သူနှင့်အတူ နိုင်ငံပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အပြောင်းအလဲများ တစ်ခုပြီးတစ်ခု ဖြစ်ထွန်းလာသည်ကို တွေ့ရပါသည်။ ထို့နောက် စုပေါင်းအင်အားဖြင့်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတို့ကို ဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ လူတိုင်းလူတိုင်းသည် ကိုယ့်တာဝန်ကိုယ်သိပြီး လုပ်ပုံကိုင်ပုံ မှန်ကန်သောကြောင့် အောင်မြင်မှုကို ရရှိလာခြင်းဖြစ်သည်။ ထိုသို့တာဝန်သိစိတ်၊ ဖြစ်ချင်လိုသော ဆန္ဒနှင့် ဝီရိယများထားရှိမှသာ မိမိတို့သွားလိုရာခရီးလမ်းသည် ခက်ခဲကြမ်းတမ်းသော်လည်း ပန်းတိုင်သို့တိုင်ရောက်ရှိနိုင်သော အင်အားများ ပြည့်ဝလာမည်ဖြစ်သည်။
“ပြောင်းလဲချိန်တန်ပြီ၊ ပြည်သူနှင့်အတူ၊ စုပေါင်းအင်အား” ဟူသည့် ဆောင်ပုဒ်များကို မည်မျှကိုင်စွဲကြွေးကြော်သော်လည်း အမှန်တကယ်ပြောင်းလဲလိုသောဆန္ဒဖြင့် ပြည်သူလူထုပါဝင်လာခြင်း မရှိလျှင်မူအောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။ အောင်မြင်ခြင်း တရားလေးပါးတွင် ဖြစ်စေလိုသောဆန္ဒမှာ အဓိကဖြစ်ပြီး အောင်မြင်လိုသော ဆန္ဒရှိသည့် ပြည်သူလူထု တစ်ခဲနက်ပါဝင်မှုသည် အရေးကြီးပေသည်။
အောင်မြင်ခြင်းတရားလေးပါးသည် လူတစ်ဦးချင်းအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အကျိုးသက်ရောက်မှုရှိပေသည်။ အောင်မြင်ခြင်း တရားလေးပါးမှာ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်နှင့် ပညာတို့ဖြစ်သည်။ ထိုလေးပါး သောအင်္ဂါများနှင့် လုပ်ဆောင်သွားမည်ဆိုလျှင် မအောင်မြင်သောအရာ ဟူသည်မှာ ဘယ်မှာမှရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုလေးပါးတရားများ ပြည်သူများကြားတွင် လွှမ်းခြုံဖြန့်ကြက်ဖြစ်တည်နေရန်ဆိုလျှင် ညီညွတ်မှုသည် အဓိကကျပေသည်။ ညီညွတ်မှုရှိမှသာ တစ်နိုင်ငံလုံး စုပေါင်းအင်အားများဖြင့် အောင်မြင်ခြင်းအကြောင်းလေးပါးကို အရင်းခံပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကမျှော်လင့်ချက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုဘဝ မြင့်မားတိုးတက်ရေးဖြစ်သည်။ ထိုမျှော်လင့်ချက်များကို အစိုးရနှင့်အတူလက်တွဲ၍ အောင်မြင်ခြင်းတရားလေးပါး လက်ကိုင်ထားပြီး တစ်တိုင်း ပြည်လုံးရှိ ပြည်သူလူထုအားလုံး ညီညီညွတ်ညွတ် လက်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဆိုပါက မျှော်မှန်းထားသည့် အောင်မြင်မှုပန်းတိုင်သို့ မလွဲမသွေရောက်ရှိနိုင်လိမ့်မည် ဖြစ်ပါသတည်း။ ။
ကြေးမုံ