နေပြည်တော် ဇူလိုင် ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရေလဲကလေးကျေး ရွာသို့ရောက်ရှိပြီး သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက် ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လျာထားစိုက်ပျိုးမည့် အစီအစဉ်များကို လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးမှူးက မအူပင်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရေး၊ နွေစပါးစိုက်ပျိုးရေး ဆောင်ရွက်ခဲ့မှုများနှင့် ယခု မိုးစပါးစိုက်ပျိုးရေးအတွက် မျိုးစပါး၊ မြေဩဇာ၊ စိုက်ပျိုးရေးဆေးနှင့် သွင်းအားစုများပံ့ပိုးပေးမှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီး အထွက်တိုးစပါးမျိုးများ ရွေးချယ်စိုက်ပျိုးရန်၊ သွင်းအားစုများကို စနစ်တကျအသုံးပြုထည့် သွင်း ဆောင်ရွက်သွားရန်၊ သဘာဝမြေဩဇာများကို ရောနှောအသုံးပြုရန် တိုက်တွန်းမှာကြားကာ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို တင်ပြမှုအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍  လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာနှင့် မြောင်း မြမြို့နယ် (၅)မိုင် စိုက်ပျိုးရေးစခန်းများသို့  သွားရောက်ကာ သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မအူပင်မြို့နယ်၌ ဧက (၁၀၀၀)၊ ဝါးခယ်မမြို့နယ်၌ ဧက (၁၀၀၀)၊ မြောင်းမြမြို့နယ်၌ ဧက (၁၀၀၀)အပါအဝင် မြို့နယ် (၂၆) မြို့နယ်၌ စုစုပေါင်းစိုက်ဧက (၂၆,၁၂၂) ဧကကို  စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်