ချောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဩဇာတောကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ဩဇာတောကျေးရွာ သောက်သုံးရေရရှိရေး ကော်မတီဝင်များနှင့်အတူ ၄ လက်မ အကျယ် အနက် ၁၁၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းတာဝန်ခံအား သတ်မှတ်ထားသော စံနှုန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍားရေးနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် ၅၀ ဒသမ ၉၂ သန်းဖြင့် ဩဇာတောကျေးရွာ၌ ၄ လက်မအကျယ် အနက် ၁၁၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနေပြည်သူများနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အိပိုးပိုး(ပြန်/ဆက်)