၁၈ ဖေဖော်ဝါရီ

 

ဒီနှစ် ကောဇာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၇ ရက်နေ့ဟာ မန္တလေးမှ ရဟန်းရှင်လူကျောင်းသားပြည်သူ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့တဲ့ ၁၃၀ဝပြည့် အရေးတော်ပုံကြီး နှစ် ၈၀ တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။

 

ပြည်သူတို့ညီညွတ်မှုထုထည်

 

တကယ်တော့ မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတဲ့ကိစ္စဟာ ၁၃၀ဝ ပြည့်အရေးတော်ပုံကြီး အရှိန်အဟုန်ကောင်းပြီး အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့ ညီညွတ်မှုထုထည်ခိုင်မာလွန်းလို့ အုပ်စိုးသူအာဏာပိုင်ရဲ့ ကြောက်လန့်တကြား သွေးရူးသွေးတန်းတုံ့ပြန်မှု ပြယုဂ်တစ်ခုပါပဲ။ အုပ်စိုးသူတွေဟာ    အအုပ်စိုးခံ၊ အဖိနှိပ်ခံတွေရဲ့ ညီညွတ်သောပေါင်းစည်းအားနဲ့ ခုခံမှုတိုင်းမှာ လက်နက်အားကိုးပြီး အမှားမှားအယွင်းယွင်း ဆုံးဖြတ်လုပ်ကိုင်တတ်စမြဲပါပဲ။ နောက်ဆုံး သူတို့ထွက်ပေါက်ဟာ အပ်တိုတစ်ချောင်းမျှမပါတဲ့ ပြည်သူလူထုအပေါ်  လက်နက်နဲ့ပဲဖြေရှင်းတဲ့နည်းလမ်းကို ကျင့်သုံးကြတာပါပဲ။ ဒါဟာအုပ်စိုးသူတွေရဲ့ ကျဆုံးခြင်းအမှတ်လက္ခဏာ၊ အားနည်းပြိုကွဲခြင်းအမှတ်လက္ခဏာတွေပါ။

 

၁၃၀ဝ ပြည့်အရေးတော်ပုံဆိုတာ

 

၁၃၀ဝ ပြည့်အရေးတော်ပုံဆိုတာကလည်း ဥုံဖွဖြစ်စေတော့ဆိုပြီး မန်းမှုတ်လို့ဖြစ်စေ၊ အခါအခွင့်သင့်စန်းလာဂ် နက္ခတ်သင့်ပြီလို့ အခါပေးလို့ဖြစ်စေ မိုးပေါ်ကကျလာတာမျိုးလည်း မဟုတ်ပါဘူး။ အုပ်စိုးသူအရင်းရှင်၊ အာဏာရှင်ဟာ သူတို့စရိုက်လက္ခဏာအတိုင်းဖိနှိပ်မယ်၊ ကွပ်ညှပ်မယ်၊ စော်ကားမယ်။ ဒီတော့ အများစုသော အောက်ခြေလူထုမှာပင် မခံရပ်နိုင်တဲ့ အခြေအနေမျိုးရောက်လာရင် မကျေနပ်မှု၊ ခံပြင်းမှုတွေဟာ ကိုယ်စီကိုယ်စီမှာပင် အားကောင်းပြည့်လျှံလာကြမှာပါပဲ။ ဒီကိုယ်စီကိုယ်စီရဲ့ လက်သီးဆုပ်တွေဟာ စုစည်းညီညွတ်၊ ပေါင်းဆုံကြတာပါပဲ။ ၁၉၃၈ ခုနှစ်ဝန်းကျင် မြန်မာ့အဖိုးတန်သယံဇာတဖြစ်တဲ့ ရေနံမြေမှာ ရေနံစွမ်းအင်တွေ ဒလဟောထုတ်ယူနေကြပေမယ့် ရေနံအလုပ်သမားတွေမှာ အလင်းရောင်နဲ့ လောင်စာအတွက်ပင် ရေနံမသုံးရလောက်အောင် မတရားအနိုင်ကျင့်ခံနေကြရတာဟာ ဘယ်သူမခံပြင်း ဒေါသမဖြစ်ဘ နေပါ့မလဲ။ ဒီထက်ဆိုးတာက ဒီလောက် ဖိနှိပ်မှုပြင်းထန်၊ မတရားအနိုင်ကျင့်ခံနေရချိန် အုပ်စိုးသူအပေါ်ကျရောက်လာမယ့် တစ်ပြည်လုံးကဒေါသတွေကိုလည်း လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေနဲ့ လမ်းလွှဲလိုက်တာတွေကလည်း ဒီကောက်ကျစ်ယုတ်မာမှုအတွက် အဖြစ်မှန်သိကြရတဲ့အခါ တက္ကသိုလ်ကျောင်းသား ပညာတတ်များကအစ ပေါက်ကွဲကြတာပါပဲ။

 

မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်

 

အုပ်စိုးသူ အာဏာရှင်ဟာ အခြေခံလုပ်ဆောင်မှုမှားယွင်းတာနဲ့အမျှ ဆက်လက်ပြီး ဆုံးဖြတ်မှု၊ ကိုင်တွယ်မှု၊ ဖြေရှင်းမှုတွေ ဆက်တိုက်မှားယွင်းတာလည်း ဓမ္မတာပါပဲ။ တစ်ပြိုင်နက် အုပ်ချုပ်မှုယန္တရားတွေလည်း ပျက်ယွင်းလွဲချော်လာတယ်။ ဒီရလဒ်က အရာရာကိုဥပဒေမဲ့ အာဏာနဲ့ အကျပ်ကိုင်ခြင်းပါပဲ။ ဒါကြောင့် ချောက်ရေနံမြေအလုပ်သမားထုကြီးက အာဏာပိုင်တွေရဲ့အုပ်ချုပ်မှုရုံးစိုက်ရာ   ရန်ကုန်အထိ ခြေကျင်ချီတက်ပြီး ဆန္ဒပြမယ်။ ဒါကိုအာဏာပိုင်က ဖိနှိပ်မယ်။ ဒီဖိနှိပ်မှုကို ကျောင်းသားသမဂ္ဂရဲ့ တာဝန်ရှိသူတွေက ဦးဆောင်ပြီး ကန့်ကွက်မယ်။ သေချာပါပြီ။ အာဏာပိုင်ဟာ ဒီအကျပ်အတည်းကို လက်နက်နဲ့ ဖြေရှင်းတော့မယ်။ ဒီလမ်းကြောင်းကို ကြိုသိတဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက ရေနံမြေသပိတ်တပ်ကြီး တပ်ဦးကနေမြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်လို့ ရဲရဲတောက် ကြွေးကြော်ခဲ့တာမဟုတ်ပါလား။ ထင်တဲ့အတိုင်းပါပဲ။ ရန်ကုန်အတွင်းဝန်ရုံးကို ဝန်းပတ်အာဏာဖီဆန်ကြတဲ့ ကျောင်းသားထုကို ပုလိပ်က မြင်းစီးတပ်နဲ့ ရိုက်နှက်လူစုခွဲစေလို့ ကျောင်းသားကိုအောင်ကျော် ကျဆုံးခဲ့ပါတယ်။ ဒီစနက်တံတွေယမ်းမီးစတွေစုစည်းမိတာနှင့် ပေါက်ကွဲပြီး တစ်ပြည်လုံး အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့တာပါပဲ။ ကိုဗဟိန်းပြောသလို မီးဟုန်းဟုန်း  တောက်ခဲ့တာပါပဲ။

 

ေ

 

အိမ်တော်ရာ ဘုရား ၁၄ ခန်းဇရပ်မှာ စုဝေး

 

မန္တလေးမှာတော့ ဘာသာရေးအဓိကရုဏ်းကို အကြောင်းပြပြီး ဈေးချိုတော်မှာ ပုဒ်မ ၂၃(၇) ထုတ်ပြန်တာမကျေနပ်လို့ ဈေးသူဈေးသားတွေက ၁၃၀ဝ ပြည့်နှစ်တန်ဆောင်မုန်းလပြည့်ကျော်၅ ရက် (၁၉၃၈ ခုနိုဝင်ဘာ ၁၁ ရက်) မှာ အိမ်တော်ရာ ဘုရားဝင်းထဲဈေးသွားဖွင့်ပြီး သပိတ်မှောက်ကြတယ်။ တစ်ပြိုင်နက်ထဲပဲ ဗဟိုအမျိုးသားကျောင်းနဲ့ ရဟန်းပျိုအဖွဲ့က မန္တလေးမှာ အုပ်စိုးသူရဲ့ မတရားတဲ့ဥပဒေပုဒ်မတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ကြတယ်။ ဒါကြောင့်၁၃၀ဝ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၆ ရက် (၁၉၃၉ ခု၊ ဖေဖော်ဝါရီလ ၉ ရက်)နေ့မှာ အိမ်တော်ရာ ဘုရားဝင်းအတွင်း ၁၄ ခန်းဇရပ်မှာ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရေးအစီအစဉ် ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် နောက်ရက် တပို့တွဲလပြည့်ကျော် ၇ ရက်(ဖော်ဖော်ဝါရီ ၁၀ ရက်) နေ့မှာ မန္တလေးတစ်မြို့လုံးလူထုပရိသတ်တွေက အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာပဲပြန်စုဝေးကြပြီး ရဟန်းပျိုအဖွဲ့ကြီးကြပ်မှုနဲ့ စနစ်တကျစီတန်းကာ ဆန္ဒပြခဲ့ကြတာပါပဲ။ အိမ်တော်ရာ ဘုရားမြောက်ဘက်မုခ်ကထွက် ၂၆ ဘီလမ်းရောက်တော့အရှေ့ဘက်တက်၊ နာရီစင်ကိုကျော်ပြီး ကျုံးနံဘေးက ပုလိပ်မင်းကြီးရုံး (ယခုစည်ပင်သာယာရေးကော်မတီရုံး) ဆီ ချီတက်ကြတော့ ၂၆ ဘီလမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြား ကြေးနန်းရုံးတောင်ပေါက် (ယခုဆက်သွယ်ရေးရုံးတောင်ပေါက်)မှာ ပုလိပ်အဖွဲ့က တားဆီးပြီးသေနတ်နဲ့ပစ်ခတ် လူစုခွဲခဲ့တာပါ။ ပစ်ခတ်မှုကြောင့် နောက်ဆုတ်သွားတဲ့လူထုကို အင်ပီရီယယ်ဘဏ်ရှေ့(ယခု ဟောင်ကောင်စတိုး၊ ၂၆ ဘီလမ်းနဲ့ ၈၁ လမ်းထောင့်) မှာ တစ်ကြိမ်နှင့် ရိုးကုမ္ပဏီတိုက်ရှေ့ (ယခုဘဏ် ၁)ရှေ့မှာတစ်ကြိမ် ထပ်မံပစ်ခတ်ဖြိုခွင်းတာကြောင့် ၂၆ ဘီလမ်းပေါ်မှာတင် ရဟန်း၊ ကျောင်းသားပြည်သူ ၁၆ ဦးတိတိ ကျဆုံးခဲ့တယ်။ ဒဏ်ရာရသူတွေထဲက ရဟန်းတော်တစ်ပါးလည်း ဈာပနချတဲ့နေ့ (တပို့တွဲလကွယ်နေ့) မှ ထပ်မံပျံလွန်တော်မူခဲ့ပါတယ်။

 

မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍ

 

ဒီလိုသွေးမြေကျမှုတွေနောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ရုပ်သေး ဒေါက်တာဘမော်အစိုးရလည်း ပြုတ်ကျခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေမှာလည်း အင်အားချိန်ခွင်လျှာတွေ ပြောင်းလဲကုန်ပြီး အင်္ဂလိပ်အစိုးရရဲ့အင်အားတွေ ချည့်နဲ့သွားပါပြီ။ တကယ်တော့ ၁၃၀ဝ ပြည့်အရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

 

ဖိရင်ကြွ ထိရင်ချ
အနှစ်နှစ် အလလ၊ ခံစားချက်
နှလုံးသားကိုယ်စီ၊ အသားမာတက်၊
သံမဏိထက်မာ၊ ဓားသွားထက်မာ
လာ... လက်ချင်းဆက်၊ လာ... ဒို့ တွဲလက်
ရင်ထက်မီးလျှံ၊ ပေဖြစ်သော်လည်းမခံ
အံကိုကြိတ်၊ မျက်မှောင်ကြုတ်လက်သီးကိုဆုပ်
လက်ချင်းဆက်၊ လက်ချင်းဆုပ်လက်သီးဆုပ် ကုဋေကုဋာ
မုန်တိုင်းထန်ခဲ့တာ..... လို့ ပြောဆိုရမှာပါ။ 
တကယ်တော့အရေးတော်ပုံတိုင်းဟာ...
ခုခံသူတို့ မျိုးဆက်အမေ စွန့်လွှတ်သူတို့ မျိုးဆက်အမွေ
တော်လှန်သူတို့ မျိုးဆက်အမွေ
အာဇာနည်တို့ မျိုးဆက်အမွေတွေပါပဲ။

 

ဆယ်စုနှစ်အလီလီကြာလာတော့

 

လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးကြီးတောက်လောင်၊ ညီညွတ်ရေးတွေပြိုကွဲ၊ တိုင်းပြည်ကလည်း ဆင်းရဲတွင်းနစ်တော့တာပါပဲ။ အတိတ်သမိုင်းမှာ အုပ်စိုးသူဟာ ဘယ်လိုပဲပြောင်းလဲပါစေ။ တစ်ဖက်သတ် ဖိနှိပ်တာချည်းမို့ အလုပ်သမားလည်း အလုပ်သမားမို့၊ လယ်သမားလည်း လယ်သမားမို့၊ ကျောင်းသားလည်းကျောင်းသားမို့ နောက်ဆုံးကုန်ကုန်ပြောရရင် ရဟန်းသံဃာကိုပင် ဖိနှိပ်မှုအောက်က မကင်းလွတ်နိုင်ခဲ့တဲ့နောက် ဖိနှိပ်မှုရဲ့အဆုံး အရာရာလက်နက်နဲ့ပဲ ဖြေရှင်းစခန်းသွားခဲ့တာပါ။ ဒါကြောင့် အုပ်ချုပ်မှုယန္တရားတွေ ပျက်စီးပြီး တရားစီရင်ရေးက ယိုင်နဲ့ပြိုလဲ၊ ဥပဒေဆိုတာလည်း အုပ်ချုပ်သူ အကျိုးစီးပွားကာကွယ်ဖို့အပေါက်ဖာ၊ ဂဟေတို့သာသာအဆင့်၊ ဒီအထဲ သတင်းပိတ်ပင်မှု၊ သတင်းအမှောင်ချမှုတွေ၊ မပြောရဲမဆိုရဲအောင် ကွပ်ညှပ်မှုတွေနဲ့ မတရားအဓမ္မမှုတွေဟာ ဆယ်စုနှစ်အလီလီကြာလာတော့ အထွေထွေမကျေနပ်မှုကြီးတွေ ကိုယ်စီငယ်ထိပ်ရောက်လာချိန်မှ ၁၉၈၈ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာရတော့တာပါပဲ။

 

သမိုင်းမှာသင်ခန်းစာယူစရာဒါကြောင့် လွတ်လပ်ရေးအတွက် ၁၃၀ဝ ပြည့် အရေးတော်ပုံနဲ့ ၈၈ ဒီမိုကရေစီအရေးတော်ပုံတွေဟာ မြန်မာ့သမိုင်းမှာ သင်ခန်းစာယူစရာတွေပါ။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ လူ့အခွင့်အရေးတွေဆုံးရှုံး၊ လက်နက်အားကိုး မတရားအနိုင်ကျင့်မှုတွေ ဆက်လက်တည်ရှိ၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်လမ်းကြောင်းက သွေဖည်မယ်ဆိုရင် အရေးတော်ပုံဆိုတာ တားဆီးပိတ်ပင်လို့ မရစကောင်းပါဘူး။

 

ဆူးငှက်