နေပြည်တော် ဇူလိုင် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ဝန်ကြီးဌာနရုံးဘေးရှိ လယ်မြေ ၂ ဒသမ ၈၄ ဧကတွင် Rainbow ဝန်ဆောင်မှု သမဝါယမအသင်းက ဆောင်ရွက်နေသည့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခင်နှစ်တွင် GW 11 မျိုးစပါးကို အစေ့ချစနစ်၊ ကြဲပက်စနစ်၊ ပျိုးထောင် စနစ် စသည့် စိုက်နည်းစနစ် သုံးမျိုးအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့ရာ အစေ့ချစနစ်ဖြင့် တစ်ဧကလျှင် ၁၀၁ တင်းနှုန်း၊ ကြဲပက်စနစ်ဖြင့် တစ်ဧကလျှင် ၁၂၆ တင်းနှုန်း၊ ပျိုးထောင်စနစ်ဖြင့် တစ်ဧကလျှင် တင်း ၁၃၀ နှုန်း ထွက်ရှိခဲ့ပါ ကြောင်း၊ ယခုနှစ် မိုးရာသီတွင် GW 18 မျိုးစပါးကို ပျိုးထောင်စနစ် (ကောက်စိုက်စက်) ဖြင့် တစ်ဧကလျှင် မျိုးစေ့ ၁၄ ပြည်နှုန်း၊ တန်းကြား ပင်ကြား (၁၁ လက်မ X ၄ လက်မ)၊ တစ်ဧကဝင်ဆံ့ကောက်ကွက် ၁၄၂၅၆၀ ဖြင့် စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှစပါးတင်း ၁၂၀ နှုန်း ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါကြောင်း၊ ပျိုးထောင် စိုက်ပျိုးခြင်းစနစ်ကို အသုံးပြု၍ အထွက်နှုန်း၊ ကုန်ကျ စရိတ်နှင့် အကျိုးအမြတ်များကို လက်တွေ့သိရှိအောင် ဆောင်ရွက်ပြီး တောင်သူများသို့ အသိပညာပြန့်ပွားရေးကူညီနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်း မှုရှိစေရန် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သွင်းအားစုအနေဖြင့် သဘာဝ မြေဩဇာများနှင့် ဓာတ်မြေဩဇာ များကို မျှတစွာ ထည့်သွင်းအသုံးပြု စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ကွက်တွင် ရေပြတ်လပ်မှုမရှိစေရေး Solar စနစ်ဖြင့် ရေရရှိအောင် ကြိုတင်စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှုသမဝါယမအသင်း၏ လယ်မြေ ၂ ဒသမ ၈၄ ဧကတွင် GW 18 မျိုးစပါးများကို ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်