နေပြည်တော် ဇူလိုင် ၁၄
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် သံတွဲမြို့၌ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငပလီမြို့ရှိ ပုလဲရတနာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစာရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုန်းတော်ကြီးကျောင်းနှင့် အဆိုပါကျောင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတို့မှ ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ရေသန့်ကတ်များ ဆက်ကပ်လှူဒါန်းကာ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှု၍ အားပေးစကားပြောကြားသည်။
အလားတူ ကျောက်တော်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျောက်တော်ရပ်ကွက် လူမှုဝန်ထမ်းရုံး အနောက်ဘက်ကမ်းနား၌ ဌာန ဆိုင်ရာဝန်ထမ်းများနှင့်အတူ သတ်မှတ်နေရာများ တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်