နေပြည်တော် ဇူလိုင် ၁၄
စစ်တွေမြို့ပေါ်ရပ်ကွက် ၁၇ ရပ်ကွက်၊ ကျေးရွာ ခုနစ်ရွာနှင့် အလုပ်ဌာန လေးခုတို့မှ ပြည်သူများနှင့် အာမခံအလုပ်သမား ၂၅၃၈ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း ပြည်နယ်လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။
ပြည်သူများနှင့် အာမခံအလုပ်သမားများအား မုန်တိုင်းနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်နိုင်သော ဝမ်းပျက်ဝမ်းလျှောခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဦးဆောင်၍ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများပါဝင်သော ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းဖြစ်သည်။
ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်အပြင် သဘာဝဘေးပြီးနောက် ကြုံတွေ့ရနိုင်သည့် ကျန်းမာရေး ပြဿနာများကို အသိပညာပေးဟောပြောခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။
ယခုအခါ စစ်တွေမြို့တွင် လူမှုဖူလုံရေးဆေးခန်းကို ဖွင့်လှစ်ထားရှိပြီး လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားရှိသည့် အာမခံ အလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်