နေပြည်တော် ဇူလိုင် ၁၅

လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက နိုင်ငံတော်အနေဖြင့် လူငယ်များ မျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရာတွင် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့်လိုအပ်ချက် ဖြစ်ကြောင်း။

လူငယ်တို့ ရင်ဆိုင် ကြုံတွေ့ရသည့် စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းကျော်လွှား၍ မြန်မာနိုင်ငံရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု အနာဂတ်အလားအလာ ကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ လူငယ်ရေးရာ ကော်မတီများက ဦးဆောင်ကာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း NGO များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ သက်ဆိုင်ရာပြည်သူ လူထုနှင့်လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး က လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး ကျောင်းသား/ ကျောင်းသူများကို ဗဟုသုတဉာဏ်စမ်း မေးခွန်းများ မေးမြန်းကာ ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပေးအပ်လှူဒါန်းသည့် အားကစားပစ္စည်းများကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း က လွှဲပြောင်း ပေးအပ်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနန်းဆိုင်ဟွမ် က  ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်