သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF
ဇူလိုင် ၅ ရက်မှ ၁၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၌ကျင်းပခဲ့သည့် ၂၀၂၃ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ဇူလိုင် ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ထိုင်း၊ ဖိလစ်ပိုင်တို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အာဆီယံထိပ်သီး ဗီယက်နမ်အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အချိန်ပိုသွင်းဂိုး နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံခဲ့ပြီး သာမန်ပွဲကစားချိန်တွင် တစ်ဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး တတိယဆုရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတစ်လျှောက် တတိယဆု နှစ်ကြိမ်ရခဲ့ခြင်း ဖြစ်သည်။
တတိယဆုရခဲ့သည့် မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ- ဦးတင်မြင့်အောင်၊ နည်းစနစ် အကြံပေး-ယုကီတက်ဆုရို (ဂျပန်)၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ- ဒေါ်စန်းစန်းမော်၊ ဂိုးနည်းပြ- ဦးစိန်အေး ကြံ့ခိုင်ရေးနည်းပြ- ဦးထွန်းဇော်၊ အသင်းဆရာဝန်- ဒေါက်တာပွင့်မာလာသော် အသင်းမီဒီယာ- ဦးဝင်းကိုကို၊ အကြောကျွမ်းကျင် - ဦးလွင်ဦးကို၊ စကားပြန်- ဦးခန့်ဇော်နိုင် ကစားသမားများအဖြစ် ဂိုးသမား- မေဦးခင် (ISPE FC)၊ ဖီးဗေ (ရန်ကုန်ယူနိုက်တက်)၊ သူဇာအောင် (သစ္စာအားမာန်)၊ နောက်တန်း- ဖြူဖြူဝင်း (မြဝတီ)၊ ဝေဖူးအိမ်၊ ဒီဇင်ဘာနှင်း (သစ္စာအားမာန်)၊ ဖြူဖွေး၊ ရွှန်းလဲ့နိုင်၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ ခင်ဌေးကြိုင် (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ကြယ်စင် (ISPE FC)၊ အလယ်တန်း- မေသက်မွန်မြင့် (သစ္စာအားမာန်)၊ ဒေစီအောင် (ရန်ကုန်ယူနိုက်တက်)၊ ဟေမာန်စိုး(ISPE FC)၊ ဝေဟင်ဖြိုး၊ စန္ဒာလင်း၊ သိင်္ဂီထွေး၊ သဲအိမွန်သောင်း (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ရှေ့တန်း- ဇင်မိုးပြည့်၊ စုစုကြည် (ရန်ကုန်ယူနိုက်တက်)၊ ယဉ်လွန်းအိမ် (ISPE FC)နှင့် ယွန်းဝတီလှိုင် (အား/ကာသိပ္ပံ မန္တလေး)တို့ ပြန်လည်လိုက်ပါလာသည်။