ရန်ကုန် ဇူလိုင် ၁၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် အာဇာနည် ဗိမာန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဇာနည်ဗိမာန်သို့သွားရာ လမ်းတစ်လျှောက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါရဝပြုမည့် ပြည်သူများ ဝင်ထွက်သွားလာမည့် ဂိတ်များတွင် ကိုဗစ်စည်းကမ်းနှင့်အညီ စစ်ဆေးရေးဂိတ်များ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်သို့ရောက်ရှိပြီး ဗိုလ်ချုပ်နှင့် ပတ်သက်သည့် သမိုင်းအကြောင်းအရာများကို မြန်မာဘာသာဖြင့် ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်ထားရှိသည့် Touch Screen စီစဉ်ထားရှိမှု၊ ပြတိုက်အတွင်း ပြသ ထားရှိမှုများနှင့် ဗိုလ်ချုပ်ကိုယ်တိုင်စိုက်ပျိုးသည့် စိုက်ခင်းနှင့် ရေကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်၊ အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)၏ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၌ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ဆွမ်းဆက်ကပ်ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သဘင်အစည်းအရုံးကို နိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်၊ ဧပြီ ၃ ရက်တွင် သဘင်ပညာရှင်ကြီးများက “မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)”အဖြစ် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုဆိုလျှင် နှစ်ပေါင်း ၈၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သဘင်ပညာရှင်များအနေဖြင့် ဖျော်ဖြေရေးအပြင် ရိုးရာသဘင်မှုပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား တိုးမြှင့်ရေးတို့ကိုပါ အချိုးညီညီ ပေါင်းစပ်ဆောင်ရွက်သွား ကြစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေဖြင့် သဘင်အနုပညာရှင်များ၏ အကျိုးကိုရှေးရှု၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)