နေပြည်တော် ဇူလိုင် ၁၇

 

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 အစည်းအဝေးသို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သော သွင်းအားစုများကို စိုက်ပျိုးရာသီချိန်အမီ ရရှိရေး၊ အရည်အသွေးပြည့်မီစွာ၊ ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်းနှင့် ညှိနှိုင်းပြီး သွင်းအားစု ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးလျက်ရှိရာ ရန်ကုန်အထိုင် ဈေးနှုန်းနှင့် ပုံမှန်ရောင်းဈေးနှုန်း များအဖြစ် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်၊ ယူရီးယား (အလုံးသေး) ၅၀ ကီလို တစ်အိတ်လျှင် ၆၈,၈၀၀ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ပြန်ပေးထားပြီး ယခုမိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် မည့်စီမံကိန်းအတွက် ဇူလိုင် ၁၁ ရက်မှ ၃၁ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၆၈,၈၀၀ ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ရည်ညွှန်း ဈေးနှုန်းများကို ထုတ်ပြန်ပေးထားကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဦးဆောင် ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှုအခြေအနေများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှု များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)