ညောင်ဦး ဇူလိုင် ၁၈

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဂူမြောက်ကြီး(ဝက်ကြီးအင်း) ဘုရားအတွင်းရှိ အလွန်လှပသော နံရံပန်းချီများနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ပန်းခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင်အကြောင်းအရာ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များကို ကမ္ပည်းမင်စာနှင့်တကွ လေ့လာနိုင်ကြောင်း သိရသည်။

 

ဂူပြောက်ကြီးဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၃ ရာစု အစောပိုင်းက တည်ခဲ့ကာ မျက်နှာကျက်များနှင့် နံရံများတွင် နံရံဆေးရေးပန်းချီများရှိပြီး အဝင်ခန်းမအတွင်း အလင်းရောင်ရသဖြင့် ပန်းချီများကို ရှင်းရှင်းလင်းလင်း လေ့လာနိုင်ကြောင်းသည်။ ဘုရား၏ အဝင်ခန်းမ ပေါင်းကူးမျက်နှာကျက်တွင် ဘုရား၏ခြေတော်ရာကွက်နှင့်တကွ အလွန်လှပသော ပန်းချီကွက်များရှိကာ အဝင်ခန်းမ၏ တောင်ဘက်နံရံနှင့် မြောက်ဘက်နံရံတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ပန်းခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင်အကြောင်းအရာများ၊ ငါ့ရာ့ငါးဆယ်ဇာတ်ကွက်များကို ကမ္ပည်းမင်စာနှင့်တကွ လက်တွေ့လာရောက်လေ့လာနိုင်သည်။ 

 

ဘုရားကြီးအဝင်ခန်းမအတွင်း ဘုရားဆင်းတုတော်ထားရှိရာ ပလ္လင်၏ လက်ဝဲ/လက်ယာ နောက်ဘက်နံရံတွင် မာရ်နတ် စစ်သည်ပုံများ ရေးဆွဲထားသည်ကို လေ့လာနိုင်သည်။ အာရုံခံခန်းမ ပေါင်းကူးမျက်နှာကျက်တွင် ပန်းခက်ပန်းနွယ်ပုံ၊ အလှပန်းများ၊ ငှက်ရုပ်ပုံများ၊ ကျက်တငိုပုံများ၊ သစ်ရွက်ပုံ ပန်းတန်းများ ရေးဆွဲထားသည်ကို လေ့လာနိုင်မည်ဖြစ်သည်။ အေဒီ ၁၈၉၉ ခုနှစ်တွင် ဂျာမန်ခရီးသွား မစ္စတာထော်နန်းက နံရံဆေးရေးပန်းချီများကို လွှဖြင့်လှီးဖြတ်ခိုးယူသွားခဲ့ကြောင်း သိရသည်။ ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသတွင် ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားနှင့် မြင်းကပါဂူပြောက်ကြီး ဘုရားနှစ်ဆူရှိကြောင်းလည်း သိရသည်။

 

ဒီပါလင်း