ကျောက်ပန်းတောင်း ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင် ကျင်းပခဲ့သည်။
ဦးစွာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပျိုးပင်များ ပေးအပ်ပြီး၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကျွန်းပင်များကို စတင်စိုက်ပျိုးသည်။ ယင်းနောက် တက်ရောက်လာသူများက စိန်းပန်း နီ/ပြာ ပျိုးပင် ၁၀၀၊ ကျွန်းပျိုးပင် ၅၀၊ မန်ကျီးပျိုးပင် ၁၀၀ စုစုပေါင်း ပျိုးပင် ၂၅၀ ကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးပြီး ရေလောင်းခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ စုစုပေါင်း ၁၅၆ ဦး တက်ရောက် စိုက်ပျိုးခဲ့ကြ သည်။
နေအောင်(ပြန်/ဆက်)