နေပြည်တော် ဇူလိုင် ၁၈

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်နှင့်အဂတိ လူငယ်စကားဝိုင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက “လူငယ်များအနေဖြင့် အဂတိတရား (၄) ပါးနှင့်သက်ဆိုင်သည့် ကျင့်ဝတ်လိုက်နာရန် အရေးကြီးသလို ဖြောင့်မတ်တည်ကြည်မှုရှိရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်ဖို့အတွက် မိမိကိုယ်တိုင်က အစပြုလိုက်နာကြပါ”ဟု ပြောကြားသည်။ 

 

ဆက်လက်၍ လူငယ်နှင့်အဂတိ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့်အတူ ကျောင်းသား ကျောင်းသူ သုံးဦးတို့က အဂတိလိုက်စားမှုဆိုတာ ဘယ်လိုအရာတွေလဲ၊ အဂတိလိုက်စားမှုဟာ လူငယ်တွေရဲ့ အနာဂတ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ စသည့် ကဏ္ဍများအား အသီးသီးဆွေးနွေးကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားသည်။ 

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များ၊ အသိပညာပေး နံရံကပ်ပြဘုတ်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

ဟိန်းသူအောင်(ပြန်/ဆက်)