နေပြည်တော် ဇူလိုင် ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်ရေးရာမူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မူဝါဒတွင်ပါရှိသည့် ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊ ကျား/မ ညီမျှမှု ကဏ္ဍနှင့် ဆုံးဖြတ်ချက်ချရမည့် အခန်းကဏ္ဍများ၌ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ရပိုင်ခွင့်များကို တန်းတူအခွင့်အရေးပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် မျှတသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အမျိုးသားနှင့်အမျိုးသမီးများအကြား ထိရောက်စွာ မိတ်ဖက်ပြု ဆောင်ရွက်သော အလေ့အထကို တိုးမြှင့်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း သိရှိလာစေရန်အတွက် လူငယ်မူဝါဒတွင် အမျိုးသမီးကဏ္ဍများကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအတွက် ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကို ဆောင်ရွက်နေကြပြီဖြစ်ပြီး အမျိုးသမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသမီးထုကြီး၏ အင်အားဖြင့် အကောင်အထည် ဖော်ကြရန်လိုကြောင်း ပြောကြားသည်။
လူငယ်မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် အမျိုး သမီးများ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိ နားလည်စေရန်၊ လူငယ်မူဝါဒ၏ ကဏ္ဍတစ်ခုဖြစ်သည့် ကျား/မ တန်းတူညီမျှမှု ရရှိစေရေး အမျိုးသမီး ငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေးတို့ကို ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ လူငယ်ရေးရာဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်