မြစ်ကြီးနား ဇူလိုင် ၁၉
ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၉ လုံး၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်း ၆၁ ခုနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် ၁၆၇ ဦးတို့အတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုချထားပေးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၂/၂၀၂၃)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။
ကချင်ပြည်နယ်သို့ ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၌ ပြည်တွင်း/ ပြည်ပဧည့်သည် ၇၁၇၇၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈၄၁၁၁ ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ(၇၀၇၈၈ ဦး ဝင်ရောက်ခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ခရီးသွားများ လာရောက်မှုနှုန်း မြင့်တက်လာနေကြောင်း သိရှိရပြီး ဝင်ငွေရရှိမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ငွေကျပ် ၁၃၅၃ ဒသမ ၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၆၆၃၅၊ ၂၀၂၂ ခုနှစ်တွင် ငွေကျပ် ၃၂၄၉ ဒသမ ၁ သန်းနှင့် အမေရိကန်ဒေါ်လာ ၄၇၅၃၅၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ငွေကျပ် ၁၃၃၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၇၈၅ ရရှိခဲ့သည်။ ထို့အတူ နိုင်ငံခြားသား ဝင်ရောက်မှုအနေဖြင့် နိုင်ငံ ၆၀ မှ နိုင်ငံခြားသား ခရီးသည် ၁၅၈၆ ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နိုင်ငံခြားသား ဧည့်သည် ၈၈၅ ဦး ဝင်ရောက်ခဲ့ကာ ယခင်နှစ်က ဝင်ရောက်သည့် လူဦးရေထက် ၄၂၉ ဦးအထိ များပြားလာကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်တို့တွင် အထင်ကရဖြစ်ပြီး ခရီးသွားများအား အဓိကဆွဲဆောင်နေသည့် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးစဉ်များတွင် ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးစဉ် အနေဖြင့် ၂၀၂၂ ခုနှစ် မတ်လတွင် ခရီးသည် ခုနစ်ဦး၊ ဒေသဧည့်လမ်းပြ လေးဦးနှင့် အထမ်းသမား ခုနစ်ဦး စုစုပေါင်း ၁၈ ဦးဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ခရီးသည် ခုနစ်ဦး၊ ဧည့်လမ်းပြ ငါးဦးနှင့် အထမ်းသမား ရှစ်ဦး စုစုပေါင်း ၂၀ ဦးတို့ဖြင့် လည်းကောင်း တက်ရောက် နိုင်ခဲ့ကြောင်း အဆိုပါ အစည်းအဝေးမှ သိရှိရသည်။
အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုဖြစ်ပေါ် လာစေရေး အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပူတာအိုဒေသအား ရေခဲတောင်များ အပါအဝင် သဘာဝအလှအပများစွာရှိသည့်အတွက် ပြည်တွင်း/ ပြည်ပ ခရီးသွားမြို့တော် ဖြစ်လာစေရေး ဒေသခံပြည်သူများ၊ ပူတာအိုခရိုင် ခရီးသွားစီမံခန့်ခွဲရေးအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)