နေပြည်တော် ဇူလိုင် ၁၉
နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်းကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အမှူးပြုသည့် ဧည့်ပရိသတ်များက မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လယ်ဝေးမြို့နယ် နောင်ဘိုဂိုဏ်းထောက်ကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ သံဝေဂကထာတရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော် အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ၂ မိနစ် ငြိမ်သက်ဂါရ၀ပြုကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)