နေပြည်တော်၊ ဇူလိုင် ၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အထူးစစ်ဆေးရေးအဖွဲ့က ပဲခူးမြို့နယ် အဝင်တွင် မူဆယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးအားစိစစ်၍ ရွာသာကြီး Dry Port ၌ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာ သည့် BONNY TRACK Bicycle (၁၅၀)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဇူလိုင် ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင် မန္တလေး(၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျွန်းဆက်တီ (၁)စုံအပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၄၇,၀၀၀)နှင့် အဆိုပါ ကျွန်းပရိဘောဂ အကြမ်းထည်မျိုးစုံ တင်ဆောင်သော Toyota Hilux (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၃၄၇,၀၀၀)ကို ဖမ်းဆီးရမိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ်၊ သစ်တော ဦးစီးဌာနသို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းအပ်နှံ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇူလိုင် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိသည့်ရက် (၆၀)နှင့်အထက် ကျော်လွန် သည့်အပြင် တင်သွင်းခွင့်လိုင်စင်ခွင့်ပြုချက် တင်ပြနိုင်ခြင်းမရှိသည့် Solar Mounting & Accessories (၁၀၅၉၅)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၄,၈၃၁,၃၁၃)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ စင်္ကာပူနိုင်ငံမှ ရောက်ရှိလာသော ခရီးသည်၏ ဝန်စည်(၁)ခုအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမျိုးသမီးဝတ် EAST Watch (၅၀)လုံး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၅၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၅၈၁,၃၁၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့ဝင် မုဒ်ဦးအနီး၌ လိုင်စင်မဲ့ Honda Odyssey မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့နယ်၊ အလုံသုံးထောင့် ချွန်းလမ်းဆုံအနီး၌ လိုင်စင်မဲ့ Lifan သုံးဘီးယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၄၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၄၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်မြို့၊ အနော်ရထာတံတားစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၂)စီးပေါ်မှ လိုင်စင်မရှိဘဲ သယ်ဆောင်လာသော ကျွဲ(၂၅)ကောင်နှင့် နွား(၂၁)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀)နှင့် အဆိုပါ တိရစ္ဆာန်များ တင်ဆောင်လာသော Isuzu Truck(၁)စီးနှင့် Hino Truck(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၀၀၀,၀၀၀)ကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ လည်းကောင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-ကျောက်တန်း-မောင်းမကန်သွား ကားလမ်းပေါ်၌ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ရေနံနှင့် ရေနံစိမ်းရောရာ (၁၄၄)ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၂,၀၀၀)နှင့် အဆိုပါရေနံများ တင်ဆောင်သော Toyota Probox (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ လည်းကောင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်း အနောက်ဘက် (၃)ဖာလုံခန့် အကွာ၌ ပူးပေါင်းအဖွဲ့က တရားမဝင် ပိတောက်သစ် (၀ ဒသမ ၂၆၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၈၀,၃၉၆,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ ဇူလိုင် ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်၊ ပဲခူးမြစ်၊ ရွှေလောင်းချောင်းဆုံရာနေရာ မြစ်ကမ်းနံဘေး၌ တရားမဝင် ကျွန်းခွဲသားနှင့် တောင်သရက်ခွဲသား(၉ ဒသမ ၃၂၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၄၀,၂၇၂) ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇူလိုင် ၁၄ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၁,၉၆၄,၅၈၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)