ရန်ကုန် ဇူလိုင် ၁၉
၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူပြည်သူနှင့် ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀၀ ကျော် လာရောက် လေ့လာကြသည်။
ဖွင့်လှစ်ပြသ
မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ပြတိုက်ကို ယနေ့မှ ဇူလိုင် ၂၁ ရက်အထိ နံနက် ၇ နာရီ မှ ညနေ ၅ နာရီ အထိ အထူးပြပွဲအဖြစ် သုံးရက်တာ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား တနင်္လာနေ့နှင့် နေ့ထူးနေ့မြတ် ပိတ်ရက်တို့မှအပ ကျန်နေ့ရက်တို့၌ နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ် ပြသလျက်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) မှ ဦးစီးအရာရှိ ဒေါ်ညိုညို ယဉ်မောက်က “ဒီနေ့ (၇၆) နှစ်မြောက် အာဇာနည် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အထူးပြပွဲအနေနဲ့ ခင်းကျင်းပြသထားပါတယ်။ ပြတိုက်မှာ ကြည့်ရှုလေ့လာဖို့ လမ်းကြောင်းပြထားပါတယ်။ ပထမဆုံး ပြတိုက်ဝင်းတံခါးအဝင်မှာ ဗိုလ်ချုပ်စီးတဲ့ ကားပြကွက်ကို အရင်တွေ့ရမှာပါ။ ပြတိုက်အတက်လမ်းမှာ ဘုတ်ပြား ၁၈ ချပ်နဲ့ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် မှတ်တမ်းအချက်အလက်များနဲ့ ဓာတ်ပုံတွေကို ပြသထားပါတယ်။ ပြတိုက်ကိုတက်လာပြီးရင် ပြတိုက်ရဲ့အဝိုင်းထိပ် လေသာဆောင်မှာ ပက်လက်ကုလားထိုင်နဲ့ စာဖတ် အနားယူနေတဲ့ ဆီလီကွန် ဗိုလ်ချုပ်ရုပ်တုပုံကို တွေ့ရမှာပါ။ ဗိုလ်ချုပ် ဖတ်ခဲ့တဲ့စာအုပ်၊ ဗိုလ်ချုပ်နာမည်ပါတဲ့ မီးခြစ်နဲ့ ဆေးလိပ်၊ ပြာခွက်၊ ဆေးလိပ်ဘူးကို ပြသထား ပါတယ်။ အဲဒီကနေ ပြတိုက်ထဲကိုဝင်ရင် ဗိုလ်ချုပ်မိသားစု ထမင်း စားခန်းမှာ အသုံးပြုခဲ့တဲ့ ပရိဘောဂများကိုတွေ့ရမှာပါ။ အဲဒီအခန်းမှာ ဗိုလ်ချုပ်ရဲ့ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသား ဘဝ၊ နိုင်ငံရေးဘဝ၊ တပ်မတော် ခေါင်းဆောင်ဘဝနဲ့ နိုင်ငံခေါင်းဆောင်ဘဝ ဖြစ်စဉ်တွေ ကို ဘုတ်ပြားငါးချပ်နဲ့ ပြသထားပါတယ်။ ထမင်းစားခန်းကို လေ့လာ ပြီးရင် မိသားစုဘဝ၊ ဗိုလ်ချုပ်ရဲ့ဘဝဖြစ်စဉ် အကျဉ်းချုပ်ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထိုးထားတဲ့ ဘုတ်ပြားနှစ်ချပ်ကို ပြသထားပါတယ်။ ပြတိုက် အပြင် လျှောက်လမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ရဲ့ သမိုင်းအကျဉ်းကို မြန်မာ/အင်္ဂလိပ်နှစ်ဘာသာနဲ့ ပြသထား ပြီးတော့ ပြတိုက်ခေါင်းရင်းကနေအတွင်းကို ပြန်ဝင်တဲ့အခါမှာ ဧည့်ခန်းထဲမှာ ဗိုလ်ချုပ်မိသားစု အသုံးပြုခဲ့တဲ့ ဆက်တီ၊ ပရိဘောဂပစ္စည်းတွေနဲ့ အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး ဂျဝါဟလ်လာ မစ္စတာနေရူး လက်ဆောင်ပေး ခဲ့တဲ့ ကုတ်အင်္ကျီ၊ ဗိုလ်ချုပ်နားထောင်ခဲ့တဲ့ ရေဒီယို၊ ၁၉၆၄-၆၅ ခုနှစ်မှာ ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့တဲ့ ‘‘အိမ်နောက် ဖေးဈေးဆိုင်တည်” လို့ အမည်ပေးထားတဲ့ ဗိုလ်ချုပ်စိုက်ပျိုးရေး လုပ်နေတဲ့ ဆီဆေးပန်းချီကား၊ ဗိုလ်ချုပ် မိသားစုဓာတ်ပုံ၊ ဗိုလ်ချုပ်ကိုယ်တစ်ပိုင်း ရုပ်တု၊ ပန်းချီကား၊ ဗိုလ်ချုပ်တို့မိသားစုဧည့်ခန်းက ဓာတ်ပုံနဲ့ ဗိုလ်ချုပ် ရှူးဖိနပ်စီးရင်ထိုင်ခဲ့တဲ့ ကုလားထိုင်တို့ကို ပြသထားပါတယ်” ဟု ရှင်းလင်းပြောကြားသည်။
ပြတိုက် အပေါ်ထပ်တွင် ဗိုလ်ချုပ်တို့ဇနီးမောင်နှံအိပ်ခန်း၌ ခုတင်၊ မှန်တင်ခုံ၊ သစ်သားဗီရို၊ ဗိုလ်ချုပ် အသုံး အဆောင်ပစ္စည်းများထားရှိပြီး ထိုအခန်းခေါင်းရင်း၌ ကြောင်လိမ်လှေကားဖြင့် တက်ရသည့် တတိယထပ် တာဝါတွင် ရှိသော ဘုရားခန်းအတွင်း ဗိုလ်ချုပ်မိသားစု ပူဇော်ခဲ့သည့် ဒက္ခိဏသာခါ ဆင်းတုတော်နှင့် ကျောင်းဆောင်ပုံကို ဗိုလ်ချုပ် အိပ်ခန်းခေါင်းရင်းတွင် ဘုတ်ပြား ပေါ်၌ ဓာတ်ပုံ/စာသားတို့ဖြင့် ပြသထားသည်။ ဗိုလ်ချုပ်အိပ်ခန်း နံရံတွင် ဗိုလ်ချုပ်ပုံတူ ပိုးပန်းချီ၊ ဇနီးမောင်နှံပုံ၊ ဘေးတစ်ဖက်ရှိ စာဖတ်ခန်းတို့ကို ပြသထားပြီး ကလေးများ အိပ်ခန်း၌ ခုတင် သုံးလုံး၊ အဝတ်ထည့်ဗီရို၊ မှန်တင်ခုံ၊ မောင်အောင်ဆန်းလင်း၏ ဓာတ်ပုံနှင့် လက်ရေးမူစာအုပ်များ၊ ဖတ်စာအုပ် များ၊ ကစားစရာ များနှင့်အတူ ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ဆုံးပါးခဲ့သည့် မောင်အောင်ဆန်းလင်း၏ ထိုနံနက် ပိုင်းက အက်ဆေးပုံစံ အင်္ဂလိပ်ဘာသာဖြင့် ရေနစ်သူ တစ်ယောက်အား ကယ်ဆယ်သည့်နည်းလမ်းများ ကိုယ်တိုင် ရေးသားထားသည့် လက်ရေးမူရင်းစာသားများကိုလည်း ပြသထားသည်။
အများပြည်သူလေ့လာနိုင်
ထိုအိပ်ခန်းတွင် မိသားစုပုံများ၊ ဗိုလ်ချုပ်မိခင်နှင့် မိသားစုပုံ၊ ဒစ်ဂျစ်တယ်ပြကွက်များဖြစ်သည့် ဗိုလ်ချုပ်၏ ဓာတ်ပုံ မှတ်တမ်း၊ မိန့်ခွန်းနှင့် သမိုင်းကြောင်းတို့ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားသည်။ ကလေးအိပ်ခန်း အနီးတွင် အထူးအစည်းအဝေး ခန်း၌ ဆက်တီတစ်စုံနှင့် နံရံတွင် ဗိုလ်ချုပ်မိန့်ခွန်းများ ကောက်နုတ်ချက်တို့ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားပြီး ကလေးအိပ်ခန်း အနောက်ဘက်တံခါးရှိ စင်္ကြံလမ်းမှ ပြတိုက် အောက်သို့ ပြန်ဆင်းပါက ခြံဝင်း စိုက်ခင်းပြကွက်၌ သီးပင်စားပင် စိုက်ပျိုးနေသည့် ဗိုလ်ချုပ်ရုပ်တုပုံကို ပြသထားသည်။ ရေကန်အနီး ပြတိုက်ဝင်းအထွက်လမ်း၌ ဗီနိုင်းဘုတ်ပြား ၁၄ ချပ်ဖြင့် အာဇာနည် ခေါင်းဆောင်တို့၏ ဓာတ်ပုံများ၊ ဗိုလ်ချုပ်၏သမိုင်းကြောင်းဆိုင်ရာများနှင့် ဓာတ်ပုံများ၊ ပြတိုက်၊ ပုဂံ နှင့် မြန်မာနိုင်ငံ၏ ရှုခင်းအလှတို့ ကို VR Systen ဖြင့် အများပြည်သူ လေ့လာနိုင်ရန် ပြသထားသည်။
“ဗိုလ်ချုပ်ပြတိုက်မှာ လာရောက်လေ့လာသူတွေအတွက် ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဆောင်ရွက်ထားပါ တယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့လည်း မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့တော်စည်ပင်သာယာ ကျန်းမာ ရေးအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့တွေ အပြည့်အစုံရှိပါတယ်။ လာရောက်ကြည့်ရှုသူတွေ အဆင်ပြေအောင် ပြတိုက် တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ဒေါ်ညိုညိုယဉ်မောက် က ပြောကြားသည်။
စည်ကားများပြား
ယနေ့ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ယခင်နှစ်တို့ထက် အထူးပြပွဲရက်နှင့် အစီအစဉ် များကို တိုးမြှင့်ပြသထားပြီး ပြတိုက်အင်္ဂါနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရာ ကြည့်ရှုလေ့လာသူတို့ဖြင့် စည်ကား များပြားခဲ့သည်။
သတင်းစဉ်