ရန်ကုန် ဇူလိုင် ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး အထက်ပစ္စယံရင်ပြင်ပေါ်ရှိ ပတ္တမြားမျက်ရှင် ဘုရားအား ပန်းရေချမ်းဆက်ကပ်ပူဇော် ဖူးမြော်ကြည်ညိုကာ စေတီတော်ရင်ပြင်ပေါ်ရှိ တောင်ဘက်စောင်းတန်း ပြင်ဆင်မွမ်းမံနေမှုနှင့် ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များနှင့် တွေ့ဆုံပြီး ဘုရားဖူးလာပြည်သူများနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ချမ်းသာစွာ ဖူးမြော်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် အဆင့်မြင့်ယဉ်ကျေးမှုသင်တန်းများ ပို့ချသင်ကြားမှု၊ လုံခြုံရေး၊ ပြတိုက်၊ စာကြည့်တိုက်၊ ဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်သို့ ရောက်ရှိပြီး ရှေးဟောင်းပေစာများ၊ ပုရပိုက်များကို ကြည့်ရှုစစ်ဆေးကာ စနစ်တကျ ရေရှည်ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရေး လမ်းညွှန်မှာကြားခဲ့သည်။

သတင်းစဉ်