နေပြည်တော် ဇူလိုင်  ၂၀

တိုင်းဒေသကြီး/ပြည်နယ် အလိုက် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းပြင်ဆင်ဖြည့်စွက် သည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် က နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ပန်းခင်းစီမံချက် အဆင့်(၁) နှင့် အဆင့်(၂) ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ e-ID Software ဖြင့် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူ ဆောင်ရွက်နေမှု၊ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ် ဦးစီးမှူးရုံးများ၌ ကိုင်ဆောင်ကတ်ပြားထုတ် ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက် များနှင့် e-ID Server ရှိ အချက်အလက် များကွဲလွဲနေမှု၊ ကွဲလွဲနေသည့်အချက်အလက်များကို စနစ်တကျစိစစ်၍ သတ်မှတ်ကာလအတွင်း ပြင်ဆင်ဖြည့်စွက်အတည်ပြု ဆောင်ရွက်ရန် လိုအပ်မှု၊ မြေပြင်တွင် လက်ရှိဖြစ်ပေါ်နေမှုနှင့် ကြုံတွေ့ရသည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးအောင် စီမံ ဆောင်ရွက်ထားရှိမှုများ တင်ပြဆောင်ရွက်နိုင်ရေး၊ ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဝန်ထမ်းအားလုံး ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်နှင့် မှန်ကန်သော အချက်အလက်များဖြစ်စေရေးအတွက် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကွပ်ကဲကြပ်မတ်ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုနယ်‌မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက ကိုင်ဆောင် ကတ်ပြားထုတ်ပေးပြီးသူများကို e-ID Server ဖြင့်ဖြည့်သွင်း၍ အချက်အလက် များတိုက်ဆိုင် စိစစ်ပြင်ဆင်ဖြည့်စွက်အတည်ပြုဆောင်ရွက်နေမှု၊ အချက်အလက် မှားယွင်းမှုများအပေါ် မြို့နယ်အလိုက် သတ်မှတ်ကာလအတွင်း အချိန်မီပြင်ဆင် အတည်ပြုနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကိုဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ အချိန်ကာလသတ်မှတ်ချက်များအတွင်း ပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်