ရန်ကုန် ဇူလိုင် ၂၁

 

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်()၏ သင်တန်းဆင်းပွဲကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က “နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က သင်ကြားပေးလိုက်သော ပညာရပ်များနှင့် အလေ့အကျင့်ကောင်းများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင် ပိုမိုအကျိုးရှိအောင် အသုံးပြုကြရန်နှင့် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာရမည့် 'ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်း' များနှင့်အညီ  ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ မိမိတို့ကို ပေးအပ်ထားသော တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ကြပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည် ဖော်ရာတွင် စေတနာထား၍ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးသတိဖြင့် မိမိဒေသအလိုက် အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်သွားကြရန်" တိုက်တွန်းမှာကြားသည်။

 

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၁၃၀၊ သင်တန်းသူ ၁၁၈ ဦး စုစုပေါင်း ၂၄၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေ ၁၅ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာ ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်သင်ကြား/ စီမံ အရာထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်