၁၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင်လှပသာယာ၍ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံဇာတ ပေါကြွယ်ဝသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်မှာ အထူးပြောစရာလိုမည်မထင်ပါ။ တနင်္သာရီတိုင်းဒေသကြီး၏ အစွန်ဆုံးမြို့ တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့ အနီးတစ်ဝိုက် ကျွန်းများတွင် ရှားပါးလူနည်းစုဆလုံ(ခေါ်)မော်ကင်း “Mawken” (သို့) Sea Gypsies ခေါ် ပင်လယ်ပျော်လူသားမျိုးစုတစ်မျိုး နေထိုင်ကျက်စားကြသည်ဆိုသည်ကို သိသူနည်းမည်ထင်ပါသည်။
ရှေးနှစ်ပေါင်းများစွာက မလေးကျွန်းများတွင်နေထိုင်ခဲ့ကြပြီး ယခုအခါ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် ပင်လယ်အတွင်းရှိ ကျွန်းများတွင်နေထိုင်လျက်ရှိကြသည်။ အဆိုပါ ဆလုံလူမျိုးများကို မလေးလူမျိုးများက ဩရန်ဘေဆင်းဟုခေါ်ကြပြီး ထိုင်းနိုင်ငံဖွား ဆလုံများကို ထိုင်းဘာသာစကားဖြင့် ချောင်နမ်(CHAUNAN) (ရေတွင်ကျက်စားသူများ) ဟု ခေါ်ဝေါ် ကြပြီး ဆလုံလူမျိုးများကမူ သူတို့ကိုယ်သူတို့ မော်ကင်း (Mawken)လူမျိုးဟု ခေါ်ဝေါ်ကြသည်။
ဆလုံလူမျိုးများသည် ယခင်က တစ်နေရာတည်းတွင် အတည်တကျနေထိုင်လေ့မရှိဘဲပင်လယ်အတွင်း “ကဗန်း” ခေါ်လှေဖြင့် ပင်လယ်ရေထွက်ပစ္စည်းများကို ရှာဖွေစုဆောင်းရင်းလှည့်လည်ကျက်စားနေထိုင်ကြကာ လှိုင်းလေ ပြင်းထန်သည့် မိုးရာသီအခိုက်အတန့်တွင်သာရေချိုရရှိနိုင်သည့် ကျွန်းများတွင် ယာယီတဲသာသာအိမ်များဆောက်လုပ်၍ ခေတ္တနေထိုင်ကြသည်။ယခုအခါတွင် ကျေးရွာအတည်တကျဖြင် တစုတဝေးတည်းနေထိုင်သည့် အလေ့အထဖြင့်နေထိုင်ကြပြီဖြစ်သည်။
ဆလုံလူမျိုးများသည် ရေကူး၊ ရေငုပ်ခြင်းအတတ်ကို မွေးရာပါကျွမ်းကျင်ပေရာ ရေငုပ်ကိရိယာအကူအညီမပါဘဲ ရေအနက် ပေ ၈၀ အထိပျမ်းမျှ ၁၅ မိနစ်ကြာမြင့်အောင် ငုပ်လျှိုးနေထိုင်နိုင်သည့် ထူးဆန်းအံ့ဖွယ် လူမျိုးနွယ်စုတစ်ခုဖြစ်သည်။ လောဘ၊ ဒေါသ မရှိသလောက်နည်းပါးပြီး ဘာသာအယူဝါဒအရ ရိုးရာနတ် “တူဒါး” ခေါ် ကောင်းကျိုးပေးသောနတ်နှင့် “ကတွိုင်း” ခေါ် ဆိုးကျိုးပေးသောနတ်တို့ရှိသည်ဟု ယုံကြည်ကြရာ အထူးသဖြင့် ဆိုးကျိုးပေးသော ကတွိုင်းနတ်ကို ကောင်းကျိုးအလို့ငှာ နှစ်စဉ်မြန်မာသင်္ကြန်ပွဲတော်အပြီး ဧပြီလနှောင်းပိုင်းတွင် နတ်ပူဇော်ပွဲကို ပြုလုပ်ကြလေ့ရှိသည်။
ဆလုံလူမျိုးများသည် ဆောင်းရာသီ လှိုင်းလေငြိမ်သက်သည့်ရာသီတွင် ပင်လယ်ရေထွက် သယံဇာတများဖြစ်သည့် ငါး၊ ကင်းမွန်(ပြည်ကြီးငါး)၊ ခရု၊ ကမာ၊ သဘာဝပုလဲ၊ ပင်လယ်မျှော့၊ ကျောက်ခက်ကျောက်ပန်း၊ ငါးကြီးအန်ဖတ်၊ လိပ်ဥ၊ ငှက်သိုက်၊ ပျားရည်များကို ရှာဖွေကာ တာရှည်ခံစေရန်အခြောက်လှန်း ပြုပြင်စုဆောင်းပြီး ရောင်းချစားသောက် နေထိုင်ကြသည်။
ဆလုံလူမျိုးများသည် အမိန့်ပေးခိုင်းစေခြင်း၊ တင်းကျပ်သောစည်းကမ်းချမှတ်ခြင်းများကို မနှစ်သက်ကြပေ။ အတင်းအကျပ်စေခိုင်းဆောင်ရွက်စေလျှင် ထိုအရပ်မှ အလျင်အမြန်ထွက်ခွာ ပြောင်းရွှေ့သွားတတ်ကြပါသည်။ ယခုအခါ ဆလုံလူမျိုးများမှာ ယခင်အချိန်ကကဲ့သို့ မဟုတ်ကြတော့ပေ။
ဆလုံလူမျိုးများအား မြိတ်ကျွန်းစုများဖြစ်သည့်ကော့သောင်းခရိုင်အတွင်းရှိ ဇာဒက်ကြီးကျွန်း၊ လန်ပိကျွန်း၊ ညောင်ဝိကျွန်း၊ ဂျလန်းကျွန်း၊ ဗိုလ်ချို ကျွန်း၊ မကြုံဂလက်ကျေးရွာနှင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒုန်းကျွန်း ( Done Island)၊ လငန်းကျွန်းများတွင်သာ တွေ့ရှိနိုင်မည်ဖြစ်သည်။
ယခုအခါ ဆလုံလူမျိုးများနေထိုင်ကျက်စားရာကျွန်းရွာများတွင် စီးပွားရှာမည့် အခြားသောဒေသခံများ လာရောက်အခြေချနေထိုင်မှုများကြောင့် ဆလုံလူမျိုးများ လူနေမှုအဆင့်အတန်းမြင့်မားကာ ခေတ်နှင့်အညီ လူ့ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စွာ နေထိုင်တတ်လာကြသည့်ကောင်းကျိုးများရှိသကဲ့သို့ တချို့သော ဝိသမစီးပွားရေးသမားများက ဆလုံများ ခက်ခဲပင်ပန်းကြီးစွာ ရှာဖွေထားသည့် ပင်လယ်ထွက်ပစ္စည်းများကို ဈေးပေါစွာရရှိနိုင်ရေး၊ ဆလုံများအားအရက်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲတတ်လာစေရန် ဆွဲဆောင်စည်းရုံးမှုများကြောင့် ဆလုံလူမျိုးများစွာ တဖြည်းဖြည်းသေဆုံးကုန်ခြင်း၊ မူးယစ်ဆေးဝါးကျေးကျွန်များဖြစ်ကုန်ခြင်း ၊ အခြားလူမျိုးစုအမျိုးသားများ ဆလုံအမျိုးသမီးဖြင့် သွေးနှောကာဆလုံမျိုးနွယ်စုများ ပျက်ယွင်းမျိုးတုံးပျောက်ကွယ်လာမည့် ဖြစ်စဉ်များ တဖြည်းဖြည်းရင်ဆိုင်ကြုံတွေ့လာနေကြရပြီဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေမှုတွင် ကမ္ဘာအရပ်ရပ်မှ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်အများစု စိတ်ဝင်တစား လာရောက်လည်ပတ် ကြည့်ရှုရာ ကော့သောင်းဒေသ ပင်လယ်ကျွန်းများသည် ဆလုံလူမျိုးများနေထိုင်ကျက်စားရာဒေသများဖြစ်ပေရာ မည်သည့်အရပ်ဒေသတွင်မျှမရှိသော ထူးခြားသည့် ပင်လယ်ပျော်လူသားမျိုးနွယ်စုများ မျိုးတုံးပျောက်ကွယ်မသွားရေး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
ကျော်စိုး(ကော့သောင်း)