နေပြည်တော်    ဇူလိုင်    ၂၁

 

ကမ္ဘာပေါ်ရှိ    ထိုင်တော်မူကျောက်ဆစ်  ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက    နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ရှင်းလင်း ပြောကြားခဲ့ပြီး(အောက်ပုံ) သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မာရဝိဇယ      ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပ လျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏   ဗဟိုချက်ဖြစ်စေရန်၊   နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့်      တည်ထားကိုးကွယ်ရေးဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆိုင်ရာ အချက်အလက်များနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်းတည်ဆောက်ထားရှိသည့် သာသနိကအဆောက်အဦများ၊ ကျောက်စာရုံစေတီတော် များဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရုပ်ပွား  တော်မြတ်ကြီးနှင့် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှသည့် ဗုဒ္ဓဥယျာဉ်တော် သာသနာ့နယ်မြေကို   တည်ဆောက် ခဲ့ရာတွင် ငွေအင်အား၊ လူအင်အား အများအပြားဖြင့် နေ့မနား၊ ညမအား ကြိုးစား၍ ဗုဒ္ဓဘာသာသာသနာ ရောင်ဝါ နေသို့လင်းစေရေး ဆောင်ရွက်ခဲ့ရမှုများကို ရှင်းလင်းပြောကြားရာ၌ ရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင်ကျောက် တော်ကြီး လက်ခံရရှိခဲ့မှုနှင့် အင်ဂျင်နီယာ ပိုင်းဆိုင်ရာ အသေးစိတ်တွက်ချက်မှုများ ဆောင်ရွက်ခဲ့ရမှု၊   စကျင် ကျောက်တော်ကြီးကို နေပြည်တော်သို့  ရောက်ရှိနိုင်ရေးအတွက်  ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ကို    အသေးစိတ်တွက်ချက်ဆောင်ရွက်၍ ကြိုးပမ်းသယ်ယူပင့်ဆောင်ခဲ့ရမှု၊ နေပြည်တော်သို့ ပင့်ဆောင်နေချိန်နှင့် တစ်ပြိုင်တည်း၌ပင် နေပြည်တော်သို့ ရောက်ရှိပြီးချိန်၌ စတင်ထုဆစ်မည့်နေရာ၊ ထုဆစ်ပြီးချိန်တွင်    တည်ထား ကိုးကွယ်မည့်နေရာနှင့်  သာသနိကအဆောက်အဦများ ထည့်သွင်းဆောက်လုပ်နိုင်ရေးတို့အတွက်ကိုလည်း နိုင်ငံတော်  သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ    ဆောင်ရွက်ရန် အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီးကို အပိုင်း ၄ ပိုင်းဖြင့်ခွဲ၍ ထုဆစ်ပုံဖော်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပြီး ခေတ်မီ CNC နည်းပညာအသုံးပြု၍   အဆင့်ဆင့် ထုဆစ်ပုံဖော်    ဆောင်ရွက်ခဲ့ကာ ၂၀၂၂  ခုနှစ် မတ် ၃၁ ရက်တွင် ထုဆစ်ခြင်းလုပ်ငန်းများအားလုံး ပြီးစီးခဲ့မှု။

ထို့နောက် ရုပ်ပွားတော်မြတ်ကြီး၏ အပိုင်းများကို  တွဲဆက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့် တစ်ချိန်တည်း၌ပင် ကျောက်စာရုံစေတီစုစုပေါင်း အဆူ   ၇၂၀ ကိုလည်း တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရုပ်ပွားတော် မြတ်ကြီး၏အပိုင်းများကို   တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့  ပင့်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်  ခဲ့မှုနှင့် စေတနာရှင် ရဟန်း၊ ရှင်လူ၊  မိဘ ပြည်သူများ လှူဒါန်းထားသည့်  ဌာပနာတော်များ  ထည့်သွင်းပူဇော်ခြင်း  မဟာ မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီးအား ပိဋကတ်တော်လာ အချက်အလက် များနှင့် ညီညွတ်ပြည့်စုံစေရေးအတွက် ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပခဲ့မှု၊  သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ ရုပ်ပွားတော်မြတ်ကြီး     တည်ထားကိုးကွယ်ရာတွင်   ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့မှုများ။

 

အနေကဇာတင် မင်္ဂလာအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်သွားမည်

ဆင်းတုတော်နှင့်ပလ္လင်တော်ထုဆစ်ခြင်းလုပ်ငန်း တိုးတက်မှုမှတ်တမ်းများ၊ ရင်ပြင်တော်တည်ဆောက်ရေးလုပ်ငန်း   ဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးသည့်အချိန်တွင် မြင်တွေ့ရမည့်အခြေအနေများကို Powerpoint Presentation များ၊   မှတ်တမ်း Video  ဖိုင်များ၊ အထူးပြုလုပ်ချက်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ အခမ်းအနားများကို   မြန်မာသက္ကရာဇ်  ၁၃၈၅ ခုနှစ်၊   ဒုတိယဝါဆို လပြည့်နေ့(ဓမ္မစကြာ နေ့)၊  ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့်  စည်ကားခမ်းနားစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊    အနေကဇာတင်လှူ ပူဇော်ပွဲအခမ်းအနား၌ ပြည်ပနိုင်ငံ ၉ ခုမှ    သံဃာတော်အပါး  ၇၀ ကျော်သည်လည်း  တက်ရောက်အနေကဇာတင်မည်       ဖြစ်ပါကြောင်းနှင့် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပနေမှုများကို ပြည်သူလူထုတစ်ရပ်လုံး ကြည့်ရှုကုသိုလ်ပွား နိုင်ရေးအတွက်လည်း    နိုင်ငံပိုင်ရုပ်မြင်သံကြား Channel   များမှ  တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ် ကြောင်းဖြင့်  ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ   သတင်းထောက်များ၏  သိရှိလိုသည့်   မေးမြန်းမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် သတင်း မီဒီယာများမှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက်  ကြည်ညို သဒ္ဓါတရားပွားများစွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ခံရယူသည်။

 

သတင်းစာရှင်းလင်းပွဲအပြီးတွင် လာရောက်သတင်းရယူကြသည့် ပြည်တွင်း/ပြည်ပ သတင်းဌာနများမှ သတင်း ထောက်များ၊ မြန်မာနိုင်ငံ ဓာတ်ပုံဆရာများအသင်းမှ    ဓာတ်ပုံပညာရှင်များက ကြည်ညိုသဒ္ဓါတရား    ထက်သန်စွာဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

 

ပြည်တွင်း ပြည်ပသတင်းဌာနများမှ သတင်းရယူ

အဆိုပါ  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်ပသတင်း ဌာနများမှ သတင်းထောက်များ၊ မြန်မာနိုင်ငံဓာတ်ပုံဆရာများအသင်းမှ ဓာတ်ပုံပညာရှင်များ လာရောက်သတင်း ရယူခဲ့ကြသည်။

 

သတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသူများသည်   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်  မာရဝိဇယ     ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းနှင့်    စိတ်ဝင်တစား လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်