မိုင်းဖြတ် ၊ ဇူလိုင် ၂၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် အချိန်တိုအတွင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၁ ရက်က အထက (မိုင်းဖြတ်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ အထက(မိုင်ဖြတ်)ကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများက ငလျင်လှုပ်ချိန် အကာအကွယ် ယူခြင်း၊ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများကို သရုပ်ပြသခဲ့သည်။ ထို့နောက် ငလျင်လှုပ်ခက်ပြီးချိန်တွင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အရေးပေါ်ကုသရေးလုပ်ငန်း အဆင့်ဆင့်ကိုလည်းကောင်း၊ သင်္ဂဟလူမှုကူညီရေးအသင်းဝင်များက အရေးပေါ်လူနာများအား အချိန်မီ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကိုလည်းကောင်း အဆင့်ဆင့် ပူးပေါင်းသရုပ်ပြသ ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာသို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ စစ်ဦးစီးပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေကို(မိုင်းဖြတ်)