မင်းဘူး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း မိုးနေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များကို တောင်သူအချင်းချင်း မျိုးသန့်ပွားသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးတို့အတွက် နေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်မည့် ဒေသခံတောင်သူများအား သီးနှံမျိုးစေ့များကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ကန်ရေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကန်ရေကျေးရွာမှ မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်မည့် နေကြာသီးနှံစိုက် တောင်သူ (၃၁)ဦး၏ စိုက်ဧက ၁၁၈ ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ (၆၅)ထုပ်နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ (၅၃)ထုပ်၊ ဝါသီးနှံစိုက်တောင်သူ (၆)ဦး၏ စိုက်ဧက (၆၆)ဧကအတွက် ရွှေတောင်-၁၀ ဝါမျိုးသန့် (၁၉၈)ပိဿာကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယခုလို အခမဲ့ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေသတွင်း နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး မျိုးသန့်ပွားအစီအစဉ်ဖြင့် နေကြာအထွက်ကောင်းမျိုး ရေးဆင်း-၁ စပ်မျိုးနေကြာ မျိုးသန့်ထုတ်လုပ်ရေး စိုက်ခင်းအတွက် (၁၅)ဧက၊ တောင်သူအချင်းချင်း မျိုးသန့်ပွားအစီအစဉ်ဖြင့် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့ထုတ်စိုက်ခင်း (၂၃၀)ဧက၊ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရေးအစီအစဉ်ဖြင့် ငွေချည်-၁၁ ဝါမျိုးသန့်စိုက်ခင်း ဧက (၅၀၀)နှင့် ရွှေတောင်-၁၀ မျိုးသန့် (၂၂၉၁)ဧကစာအတွက် မျိုးသန့် မျိုးစေ့များကို တောင်သူများ လက်ဝယ်အရောက် အခမဲ့ထောက်ပံ့ ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အတွက် သီးနှံစိုက်တောင်သူများနှင့်အတူ ပူးပေါင်းပြီး သွင်းအားစုနှင့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးနေကြာသီးနှံကို (၆၅၇၆) ဧကနှင့် ဝါသီးနှံကို (၁၀၁၄၈)ဧကအထိ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ မိုးနေကြာသီးနှံကို (၇၉၈)ဧကနှင့် ဝါသီးနှံကို ဧက(၆၀)ကျော် စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)