မြိတ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၂ ရက်က မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်စိုက်ဧက (၃၀၀၀)အတွက် တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း(၆၀၀)နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစု ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာ တစ်ဦးတစ်ယောက်တည်း မဆောင်ရွက်နိုင်သည့် ကိစ္စများကို အသင်းအဖွဲ့ပုံစံ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရန် သမဝါယမအသင်းများက စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ သမဝါယမက လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက်သော် လည်းကောင်း၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်သော် လည်းကောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် လည်းကောင်း၊ လွန်စွာလက်တွေ့ကျပြီး မှန်ကန်သည့် အခြေခံလုပ်ငန်းများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယခုလုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဆင်းရဲမှုလျှော့ချနိုင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက မျိုးစပါး၊ သွင်းအားစုများ မတည်ရင်းနှီးချေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သမဝါယမကဏ္ဍ)ဖြင့် မြိတ်မြို့နယ်အတွင်း ကျေးရွာများရှိ သမဝါယမအသင်း၊ အစုအဖွဲ့များမှ အသင်းသား တောင်သူ(၃၁၀)ဦးအား မိုးစပါးစိုက်ဧက(၃၀၀၀)အတွက် လိုအပ်လျက်ရှိသည့် တန်ဖိုးငွေကျပ် သန်း(၆ဝဝ)နှင့် ညီမျှသော မျိုးစပါး(၂၃၃၇)တင်း၊ ပုလဲဓါတ်မြေဩဇာ (၁၉၀)အိတ်၊ ကွန်ပေါင်းဓါတ်မြေဩဇာ (၅၃၃၄)အိတ်၊ သဘာဝမြေဩဇာ (၇၁၂)အိတ်ကို မတည်ထုတ်ချေး ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ ခန်းမအတွင်းပြသထားသည့် အရှိန်အဟုန်ဖြင့် ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး၊ သမဝါယမကဏ္ဍ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေး မတည်ချေးငွေထုတ်ချေးပေး၊ ဒေသဝမ်းစာဖူလုံရေး သမဝါယမက ကူညီဆောင်ရွက်ပေး ခေါင်းစဉ်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှု ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၌ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)ဖြင့် မိုးစပါးဧက(၁၀၀၀၀) အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သန်း(၉ဝဝ)၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၃ဝ၈)သန်း စုစုပေါင်း ကျပ်(၁၂၀၈)သန်းဖြင့် မျိုးစပါးနှင့် သွင်းအားစုများကို တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း (၂၆)သင်းမှ အသင်းသား တောင်သူ(၈၇၀)ဦးအား မိုးစပါးစိုက်ဧက (၆ဝ၄ဝ)အတွက် မတည်ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်မိုးစပါး စိုက်ဧက(၃၉၆၀)ဧကအား သမဝါယမအသင်း အချင်းချင်းမှ မျိုးစပါးနှင့် သွင်းအားစုများကို မတည်ထုတ်ချေး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)