နေပြည်တော် ဇူလိုင် ၂၅

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေ အမွေအနှစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က Video Message ဖြင့် အဖွင့်အမှာစကားပြောကြားရာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုပြီး သာယာ၀ပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချရန်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်သွားရန် ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မဲခေါင်-လန်ချန်း နိုင်ငံများရှိ စာကြည့်တိုက်နှင့် မော်ကွန်းတိုက်များတွင် စာပေပစ္စည်းပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်နေကြသည့် ပညာရှင်များ၏ နည်းပညာနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်း ဝေမျှပေးသည့်အတွက် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။

မဲခေါင်-လန်ချန်း နိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ အတွေ့အကြုံများနှင့် နည်းပညာများ ဖလှယ် ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်ရာနိုင်ငံများရှိ စာကြည့် တိုက်များ၊ မော်ကွန်းတိုက်များတွင် ထိန်းသိမ်းထားရှိသော ရှားပါးသည့် အထောက်အထား များ၊ စာပေအမွေအနှစ်များကို စီမံခန့်ခွဲမှု၊ ခေတ်မီနည်းစနစ်များဖြင့် ရေရှည်တည်တံ့စေ ရန်ထိန်းသိမ်းထားမှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ယင်းစာပေအထောက်အထား များတွင် ကျရောက်နိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်မည့် နည်းလမ်းများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များကို ဖတ်ကြားသွားမည်ဖြစ်သဖြင့် ပိုမိုကောင်းမွန်သည့် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Mr. Pan Feng က Video Message ဖြင့် အမှာစကား ပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မဲခေါင်-လန်ချန်း စီမံကိန်းပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံစာကြည့်တိုက် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်လုပ်ငန်းစဉ် အကျဉ်းအား  Video Clip ကို ဖွင့်လှစ်ပြသပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတကာပညာရှင် Ms. Tian Zhouling နှင့် ပြည်တွင်းပညာရှင် ဦးမြင့်ကြိုင်တို့က အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်း (၆)နိုင်ငံမှ တစ်နိုင်ငံလျှင် စာတမ်း(၁)စောင်စီ ဖတ်ကြားခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး အဖွဲ့(မြန်မာ)နှင့် မဲခေါင်ဒေသတွင်း နိုင်ငံများရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ တာဝန် ရှိသူများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများမှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်