နေပြည်တော် ဇူလိုင် ၂၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး သည် မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev   ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ်တို့သည် နှစ်နိုင်ငံအကြား တရားစီရင်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Charge d’ Affaires a.i./ Counsellor  Mr. Pavel Klabukov ၊ The Fourth Court of Cassation of General Jurisdiction  ဥက္ကဋ္ဌ Mr. Aleksei Shishkin ၊ The Fourth Court of Appeal of General Jurisdiction ဥက္ကဋ္ဌ Mr. Magsomed Magomedov နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းစဉ်