ဟားခါး ဇူလိုင် ၂၆

 

ချင်းပြည်နယ် ၊ဟားခါးမြို့ဝန်းကျင်ဒေသနှင့် ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာနှင့် လိုင်ဇိုကျေးရွာအကြား မြေပြိုတောင်ပြိုခဲ့မှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းများ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က “ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ ဌာနလုပ်ငန်းများကို ပိုင်ပိုင်နိုင်နိုင် နားလည်သဘောပေါက်ပြီး စေတနာအပြည့်၊ idea အသစ်ဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့ဝန်းကျင်ဒေသနှင့် ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာနှင့် လိုင်ဇိုကျေးရွာအကြား မြေပြိုတောင်ပြိုခဲ့မှုများနှင့်ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သော ချင်းပြည်နယ် သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းအား ချီးမြှင့်ငွေကျပ် သုံးသိန်းနှင့် ဂုဏ်ပြုလွှာကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးရန်အောင်မိုးအား ချီးမြှင့်ငွေကျပ် နှစ်သိန်းနှင့် ဂုဏ်ပြုလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပညာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမားရေး / ကုသရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့မှ ပြည်နယ်ဦးစီးမှူးများက ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ် စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ထို့နောက် ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)