ကျောက်ဖြူ ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ထိန်းသိမ်းရေးဒီရေတောအနီးတွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပွဲပျိုးတော် ကျင်းပရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်သို့ သွားရောက်ပြီး ထိန်းသိမ်းရေးဒီရေတောအနီးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဇူလိုင် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီ ICM (Integrated Costal Management) ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်မှု ဒီရေတောသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ပြီး ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေ ပြည်သူများပါဝင်သည့် စုစုပေါင်းအင်အား ၃၀၀ ခန့်နှင့်အတူ ဒီရေတော သစ်တောမျိုးများဖြစ်သည့် ဗျူးခြေထောက်(အဖို)၊ ဗျူးခြေထောက်(အမ)နှင့် သမဲ့ပင် စုစုပေါင်းအပင် ၁၀၀၀ ကို သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်သို့ ရောက်ရှိပြီး လေဆိပ်မှ မြို့အဝင်လမ်း လမ်းဘေး ဝဲ/ယာ တစ်လျှောက်ရှိ ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များ၊ လမ်းမပေါ်သို့ကျရောက်နေသည့် သစ်ပင်၊ သစ်ကိုင်းများ၊ တယ်လီဖုန်းကြိုးများ၊ လျှပ်စစ်မီးကြိုးများနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများကို ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး/ဖြိုးဝေလင်း(ပြန်/ဆက်)