နေပြည်တော် ဇူလိုင် ၂၆
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Nabanita Chakrabarti နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံအစိုးရ၏ Unique Identification Authority of India (UIDAI) ရုံးချုပ်သို့ ရောက်ရှိရာ အမှုဆောင်အရာရှိချုပ် Mr. Amit Agrawal နှင့် တာဝန်ရှိသူများက UIDAI ၏ ဖွဲ့စည်းတည်ထောင်ထားရှိမှု၊ Aadhaar စနစ်အောင်မြင်ရေးအတွက် လုပ်ငန်းအဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ Aadhaar စနစ်ဖြင့် အစိုးရ၊ အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများအား ထိရောက်သော ဝန်ဆောင်မှုများပေးနေမှု အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က e-ID စနစ်အောင်မြင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအပေါ် ထပ်မံဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ အမှုဆောင်အရာရှိချုပ်နှင့် လုပ်ငန်းတာဝန်ခံများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်