မုံရွာ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး အကြိမ်(၂၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၆ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးများအား ဝတ်ရုံအထည်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၅၅ တိုက်၌ ဝါဆိုဝါကပ်တော်မူကြသော သံဃာ ၂၂၂၁ ပါးတို့အား ဝါဆိုသင်္ကန်း ၂၂၂၁ စုံနှင့် သီလရှင် ၃၈ ကျောင်းတို့မှ သီလရှင်ဆရာကြီး ၁၀၄၃ ပါးတို့အား သီလရှင်ဝတ်စုံ ၁၀၄၃ စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း ၃၀ ပါး၊ တောင်တန်း သာသနာပြု ဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသများမှ သာသနာပြုရဟန်း ၁၅၂ ပါး၊ သီလရှင် ရှစ်ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ယခုလှူဒါန်းမှုစုစုပေါင်းမှာ ဝါဆိုသင်္ကန်း ၂၃၇၃ စုံနှင့် သီလရှင်ဝတ်စုံ ၁၀၅၁ စုံ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် သိန်း ၁၄၃၀ အား စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)