ပေါင် ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ ပင်လယ်ကမ်းခြေတွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က အလှပ်ကျေးရွာ၊ ဇီးကုန်းကမ်းခြေ၌ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စိုက်ပျိုးမည့်ဗြူးခြေထောက်ပင်များအား ဒေသခံကိုယ်စားလှယ် တစ်ဦးကို ပေးအပ်သည်။ ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က သစ်ပင်ချစ်သူများအဖွဲ့နှင့် မုတ္တမ စီမံကိန်း ကိုယ်စားလှယ်တို့အား သမဲ့ပင်များနှင့် အုန်းပင်များ ပေးအပ်ရာ ဒေသခံကိုယ်စားလှယ်များက လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗြူးခြေထောက် အပင် ၃၀၀၊ သမဲ့ ပင် ၁၂၀၀၊ အုန်းပျိုးပင် ၄၀ စုစုပေါင်း ၁၇၄၀ အား စုပေါင်းစိုက်ပျိုးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးနှင့်အဖွဲ့သည် ပင်လယ်ကမ်းခြေမှ ဆယ်အိမ်စု ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါသဋ္ဌအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ကာ အလှပ်ကျေးရွာ သာယာကုန်းပိုင်း ရှိ Cyclone shutter ဆောက်လုပ်မည့်နေရာသို့ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)