နေပြည်တော် ဇူလိုင် ၂၆
ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါကျရောက်ခဲ့သော ရခိုင်ပြည်နယ်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာနမှ ဗဟိုအားဖြည့်အဖွဲ့သည် ယမန်နေ့က ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းကွင်းဆင်း၍ ဆိုင်ကလုန်းမုန်တိုင်း မိုခါကျရောက်ပြီးနောက် ဖြစ်ပွားလာနိုင်သော ကျန်းမာရေးဆိုင်ရာ အခြေအနေများနှင့် မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ခြင်း၊ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှု ထိန်းချုပ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါ စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားမှု စောစီးစွာသိရှိနိုင်ရေး (early case detection)၊ လိုအပ်ပါက လူနာအား စောစီးစွာလွှဲပြောင်းကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း (early referral)၊ ထိရောက်သော ကုသမှုများဖြင့် ကုသမှုခံယူနိုင်ရန် စီစဉ်ခြင်း (early treatment) လုပ်ငန်းစဉ်များအား စီမံဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းအခြေပြု ကျန်းမာရေးပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်း စီမံဆောင်ရွက်ကာ လက်သန့်ဆေးရည် ဗူး (၂၀၀)ကို ထောက်ပံ့ခဲ့သည်။
ထို့ပြင် ကွင်းဆင်းအဖွဲ့သည် ယိုးတရုပ်တိုက်နယ်ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးဌာနနှင့် ကြံခင်းကျေးလက် ကျန်းမာရေးဌာနခွဲများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါလူနာများအား ကုသမှုလုပ်ငန်းတွင် အသုံးပြုနိုင်ရန် အတွက် Antiviral Drugs များကို ဖြန့်ဝေထားရှိပြီး လူနာများကုသရာတွင် ဝန်ကြီးဌာနမှ အတည်ပြု ပြဋ္ဌာန်းထားသော စံပြုကုသရေးလုပ်ငန်းလမ်းညွှန် (Standard Treatment Guideline) များဖြင့် ဆောင်ရွက် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ စေလွှတ်ထားသော ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်း ရေးဌာနမှ ကွင်းဆင်းအဖွဲ့ (Vector Born Disease Control Team) သည် ဇူလိုင် ၂၃ ရက်မှစတင်၍ ပုဏ္ဏားကျွန်း မြို့နယ် မြို့ပေါ်ရပ်ကွက်များ၊ သဲတက်ကျေးရွာနှင့် ဒီပါရုံကျေးရွာ၊ ပေါက်တောမြို့နယ် မြို့မရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ရပ်ကွက်ကျေးရွာများအတွင်း ခြင်ပေါက်ဖွားနိုင်မှုအခြေအနေ ဆန်းစစ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်ကြီးခြင်နှိမ်နင်းရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် ကျန်းမာရေးပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး အိမ်ခြေစုစုပေါင်း (၆၇၀)ကို စစ်ဆေးဆောင်ရွက် ခြင်း၊ အိမ်ခြေ စုစုပေါင်း (၃၂၇)အိမ်တွင် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်၊ အုတ်ကန်စုစုပေါင်း (၂၀၇၂)ခုကို အဘိတ်ဆေး ခတ်ခြင်း၊ ပြည်သူလူထု (၉၉၆)ဦးကို ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)