နေပြည်တော် ဇူလိုင် ၂၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Online Platform ဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဋ္ဌေးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကော်မရှင်ရုံးတို့မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေးအဖွဲ့အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ချမှတ်ထားရှိသည့်လုပ်ငန်း အစီအစဉ်(၆)ရပ်၊ လုပ်ငန်းတာဝန် (၃)ရပ်တို့နှင့်အညီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အသေးစားအဂတိ လိုက်စားမှုများ လျှော့ချရန်နှင့် ကာကွယ်တားဆီးရန် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန်နှင့် အစိုးရအဖွဲ့နှင့်ပြည်သူများအကြား ယုံကြည်မှုပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ အသုံးပြုလျက်ရှိကြောင်း၊ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက အများပြည်သူထံမှ တုံ့ပြန် မှုရယူခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ၌ Short Code နံပါတ် “1111” ဖြင့် SMS ပေးပို့ရယူလျက်ရှိရာ တုံ့ပြန်မှုရာခိုင်နှုန်း တိုးတက်လာသော်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေး လုပ်ငန်းဆိုသည်မှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ရသည့် ကိစ္စမျိုးမဟုတ်ဘဲ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင်ရှိသည့် တစ်ဦးတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းအထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းမျိုးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဆွေးနွေးပို့ချပေးမည့် နည်းပညာဆိုင်ရာ သင်ခန်းစာများကို မှတ်သားလိုက်နာပြီး ကိုယ်တိုင်တတ်သိလိုစိတ်ဖြင့် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန တားဆီးကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူးက PFP Web Portal အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်