မြိတ် ဇူလိုင် ၂၇

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို နှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ရောက်ရှိပြီး အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း စက်မှုလုပ်ငန်းများကုမ္ပဏီ၊ Vantage ကုမ္ပဏီ၊ ထူးထူးတိုးကုမ္ပဏီပိုင် အအေးခန်းစက်ရုံနှင့် ငါးအသားလွှာစက်ရုံ၊ ငါးအမှုန့်ကြိတ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြိတ်မြို့ပုလဲရတနာခန်းမ၌ ကျင်းပသည့်  စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ပထော်၊ ပထက် ကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် အောင်မြတ်ဖြိုးကုမ္ပဏီပိုင် အအေးခန်းစက်ရုံ၊ ငါးအမှုန့်ကြိတ် စက်ရုံ၊ ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းနှင့် သစ်အချောထည် စက်ရုံများသို့ လှည့်လည်ကြည့်ရှု၍ အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းကျဆင်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာဆက်ဆံမှု ထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင် ရွက်ရန်လိုကြောင်း  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်