နေပြည်တော် ဇူလိုင် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးဒေသမှ ထောက်ပံ့ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းလုပ်ငန်များပါဝင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နယ်စပ်ဝင်ထွက်ပေါက်များတွင် လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကျောက်မျက်ရတနာများ၊ ရေထွက်ကုန်များနှင့် အသီးအနှံများကို ကုန်တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံ၌ လေယာဉ်မောင်းသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ချန်ဒူးဒေသစီးပွားရေး လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်