နေပြည်တော် ဇူလိုင် ၂၇
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် အဖွဲ့နှင့် ဘာသာရပ်တာဝန်ခံများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ မူဝါဒပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ပို့ကုန်တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်