နေပြည်တော် ဇူလိုင် ၂၈

 

မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေး စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ဆက်လက် ကျင်းပသည်။

 

ယနေ့တွင် ဖိုရမ်ပထမနေ့တွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို ပညာရှင်များက ပြန်လည် ဆွေးနွေးကြပြီး ဒီဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ နိုင်ငံများတွင် ဒီဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် အဆင်သင့်ရှိရမည့်အချက်များ၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ပညာရှင်များက MSME များ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးရာတွင် သင်ခန်းစာယူရမည့်အချက်များ ဆွေးနွေးသည်။

 

ဆက်လက်၍ အုပ်စုများဖွဲ့စည်း၍ ဒီဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့်အလေ့အကျင့်များ၊ MSME များ၏ ဒီဂျစ်တယ်စီးပွားရေးစနစ် မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒီဂျစ်တယ်ကျွမ်းကျင်မှုများ၊ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှုအစီအမံများ ရေးဆွဲခြင်းနှင့် ဖိုရမ်မှ ထွက်ရှိလာသည့် ရလဒ်များကို ပြန်လည်ဆွေးနွေးသုံးသပ်ခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့နောက် ဖိုရမ်ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယမန်နေ့ နံနက်ပိုင်းကလည်း မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့် တင်နိုင်ရေးစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ပထမနေ့ကို ကျင်းပခဲ့ပြီး ပြည်တွင်းပညာရှင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်များက E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒီဂျစ်တယ်စီးပွားရေး စနစ်ပြောင်းလဲမှု အလေ့အကျင့်များ၊ ဒီဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့် စီမံခန့်ခွဲမှုတို့ကို ဆွေးနွေးကြပြီး အစုအဖွဲ့များဖွဲ့စည်း၍ MSME များ ဒီဂျစ်တယ်စနစ် ပြောင်းလဲရေးအစီအမံ ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြပြီး MSME များ ဒီဂျစ်တယ်စနစ်ပြောင်းလဲရေး အစီအမံရေးဆွဲခြင်းများ အပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။

 

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး အသိပညာများ မျှဝေပေးခဲ့သည့် ပညာရှင်များ၊ တက်ရောက်လာကြသူများ နှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)